- နှစ်ပတ်အတွင်း စစ်ကောင်စီကြောင့် ကလေးငယ် ၃၀ ကျော် သေဆုံး
- AA စစ်ရပ်ထားသည့် စစ်တွေတွင် စစ်ကောင်စီက လက်နက်ကြီး ဆက်တိုက်ပစ်နေ
- ရခိုင်တွင် လေကြောင်း ဗုံးကြဲခံရ၍ နှစ်ရက်အတွင်း ဒေသခံ ၁၅ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရ
- တရုတ် ဆိုလာအင်ဗာတာများထဲတွင် အမျိုးအမည်မသိ ဆက်သွယ်ရေးစက်များ တွေ့ရှိ
- ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ
သံတွဲတွင် စစ်မှုထမ်းစာရင်း ကောက်ယူနေသော ရာအိမ်မှူးတစ်ဦး သတ်ဖြတ်ခံရ
ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် စစ်မှုထမ်းစာရင်း ကောက်ယူနေသော ရာအိမ်မှူးတစ်ဦး မတ်လ ၂၁ ရက် နေ့လယ်ပိုင်းက သတ်ဖြတ်ခံရသည်ဟု ဒေသခံများထံမှ သိရသည်။
22 Mar 2024

ဒါဝကျေးရွာမှ အသက် (၄၄)နှစ်အရွယ် ဦးဝင်းရွှေမှာ ယမန်နေ့က ဒါဝကျေးရွာနှင့် တောင်သာကျေးရွာကြားတွင် ရင်ဘတ်ထိုးသွင်းဒဏ်ရာ ၅ ချက်နှင့်အတူ လည်လှီးသတ်ဖြတ်ပြီး လုပ်ကြံခံရခြင်း ဖြစ်သည်။
ဦးဝင်းရွှေ၏မိသားစုဝင်တစ်ဦးက “သတ်သွားတဲ့လူတွေကို မသိရသေးဘူး။ အလောင်းကို ဆေးရုံမှာစစ်ဆေးတော့ ဒဏ်ရာတွေအများကြီး တွေ့ရတယ်။ ဘာကြောင့်အသတ်ခံရတယ်ဆိုတာ လောလောဆယ်မှာ ပြောလို့မရသေးပါဘူး” ဟု ပြောသည်။
ဒါဝကျေးရွာ ရာအိမ်မှူးအား မည်သူသတ်ဖြတ်သွားသည်ကို မသိရှိရသေးသော်လည်း စစ်မှုထမ်းစာရင်း ကောက်ယူနေခြင်းနှင့်ပတ်သက်၍ မကျေနပ်သူများက လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ယူဆကြသည်။
“စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအတွက် သံတွဲမှာရှိတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူတချို့က တစ်အိမ်တက်တစ်အိမ်ဆင်း စာရင်းလိုက်ကောက်နေတာမျိုးရှိတယ်။ အဲဒီထဲမှာ သူလည်းပါဝင်နေတော့ ဒီကိစ္စကြောင့်ဖြစ်မယ်လို့ လူတွေက ယူဆနေကြတယ်” ဟု ဒါဝကျေးရွာသားတစ်ဦးက ပြောသည်။
ဦးဝင်းရွှေသတ်ဖြတ်ခံရမှုမှာ စစ်မှုထမ်းစာရင်း ကောက်ယူခြင်းကိစ္စနှင့် သက်ဆိုင်ခြင်းမရှိဘဲ ပုဂ္ဂိုလ်ရေးအရ မကျေနပ်မှုများကြောင့် ဖြစ်နိုင်သည်ဟု မိသားစုဝင်များက ပြောဆိုသည်။
“အဲလိုဆိုရင် အကြောင်းအမျိုးမျိုးကြောင့် စစ်မှုထမ်းစာရင်း လိုက်ကောက်နေရတဲ့ လူတွေလည်းရှိတာပဲ။ ဒီလို တရားလက်လွှတ် လုပ်တဲ့အပေါ် ကျနော်တို့က လက်မခံဘူး။ အမှုမှန်ပေါ်ပေါက်ရေးအတွက် ကြိုးစားသွားမယ်” ဟု ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။
ပြည်တွင်းစစ်ပွဲများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် အရွယ်ရောက်ပြီးသူများ မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ပြဌာန်းလိုက်ပြီး စစ်မှုထမ်းရန် လူစာရင်းကောက်ယူခြင်း၊ ပြည်သူ့စစ်အတွက် အတင်းအကျပ် တပ်သားစုဆောင်းမှုများကို လုပ်ဆောင်နေသည်။
ရခိုင်တောင်ပိုင်းက သံတွဲ၊ တောင်ကုတ်၊ မာန်အောင်၊ ဂွမြို့နယ်တို့တွင် စစ်မှုထမ်းစာရင်းကောက်ယူရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီက ညွှန်ကြားထားပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ အုပ်ချုပ်ရေးမှူးတချို့မှာ ရာထူးမှ နှုတ်ထွက်စာတင်ထားကြသည်။