ရခိုင်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆန့်ကျင်ကြောင်း မန္တလေး၌ ကျောင်းသားများ ဆန္ဒဖော်ထုတ်

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်မှဦးဆောင်၍ ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက် မှုများဖြစ်ပွားနေသည်ကို ဆန့်ကျင်ကြောင်း မန္တလေးမြို့၌ ယနေ့( စက်တင်ဘာလ ၁၀ ရက်)တွင် ဆန္ဒဖော်ထုတ် ခဲ့ကြသည်။

By အောင်ထိန် 10 Sep 2020


အောင်ထိန် | DMG
စက်တင်ဘာ ၁၀ ၊ မန္တလေး

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်မှဦးဆောင်၍ ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက် မှုများဖြစ်ပွားနေသည်ကို ဆန့်ကျင်ကြောင်း မန္တလေးမြို့၌ ယနေ့( စက်တင်ဘာလ ၁၀ ရက်)တွင် ဆန္ဒဖော်ထုတ် ခဲ့ကြသည်။

ရခိုင်ပြည်နယ်တွင် အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆန့်ကျင်ကြောင်း ဗကသများအဖွဲ့ချုပ် အတွင်းရေးမှူး ကိုထူးခန့်သော်ကပြောသည်။

“ကျွန်တော်တို့ မူဝါဒထဲမှာလည်း ပါပြီးသားဖြစ်တယ်။ ဒါက ငြိမ်းချမ်းရေးမူဝါဒကို လာထိခိုက်တာဖြစ်တယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ ရခိုင်ပြည်နယ်မှာ ဒီလို အမျိုးမျိုးအဖုံဖုံသော လူ့အခွင့်အရေးချိုးဖောက်မှုတွေ အားလုံးကို ဆန့်ကျင့်တယ်” ဟု ကိုထူးခန့်သော်က ဆိုသည်။

ရခိုင်တွင်ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကို အမြန်ဆုံးရပ်တန့်ပေးရန်နှင့် အစိုးရအနေဖြင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသော အဖြစ်အပျက်များကို လစ်လျူရှုမထားရန်လည်း ဗကသများအဖွဲ့ချုပ်က တောင်းဆိုထားသည်။

လက်ရှိ ရွေးကောက်ပွဲကာလဖြစ်သဖြင့် မဲဆွယ်စည်းရုံးရေးများ လုပ်ဆောင်နေကြသော်လည်း ရခိုင်ဒေသတွင် စစ်ဘေးဒဏ်ကြောင့် ပြည်သူများသွေးနီရဲနေရသည်ဟု ယနေ့ဆန္ဒပြဖော်ထုတ်ရာတွင်ပါဝင်သည့် ကျောင်းသားတစ်ဦးက ပြောသည်။

“ဒီအချိန်က ရွေးကောက်ပွဲကာလဖြစ်တဲ့အတွက် မဲဆွယ်စည်းရုံးရေး လုပ်နေကြပေမယ့် ရခိုင်ဒေသမှာတော့ ပြည်သူတွေရဲ့သွေးတွေဟာ စစ်ဘေးဒဏ်တွေကြောင့် ရဲရဲနီနေပါတယ်။ ရခိုင်ဒေသကပြည်သူတွေနဲ့ ကျွန်တော်တို့ ဗကသအဖွဲ့ချုပ်ကျောင်းသားတွေက တသားတည်းရပ်ကြောင်းပြချင်လို့ အခုလိုလုပ်ရခြင်းဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ဗကသအဖွဲ့ချုပ်မှ ကျောင်းသားများဆန္ဒပြပြီးလာစဉ် ရဲတပ်ဖွဲ့ဝင်များကလာရောက်ကာ ဦးဆောင်ဆန္ဒပြသည့် ကျောင်းသားအမည်နှင့် ဆန္ဒပြရာတွင်ပါဝင်ခဲ့သည့်ကျောင်းသားများ၏ အမည်စာရင်းများကို ရယူသွားခဲ့ကြောင်း ဗကသများအဖွဲ့ချုပ်မှ သိရသည်။

စက်တင်ဘာလ ၉ ရက်နေ့ကလည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့၌ ဆန္ဒဖော်ထုတ်ခဲ့သည့် ရခိုင်ပြည်ကျောင်းသား သမဂ္ဂမှ ကျောင်းသားသုံးဦးကို ဖမ်းဆီးပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၂၅ ဖြင့် ယနေ့ တရား စွဲတင်ခဲ့သည်။

ဗီဒီယိုများ