အရပ်သားသေဆုံးမှုတရားမျှတမှုရရှိရန် ဆန္ဒပြခဲ့သည့် ကိုမင်းဘာချေကို ထောင်ဒဏ် ၁၅ ရက်ချမှတ်

ရခိုင်ပြည်နယ်အတွင်း အရပ်သားသေဆုံးမှုအပေါ် တရားမျှတရန် ဆန္ဒပြတောင်းဆိုခဲ့သဖြင့် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခံထားရသည့် ကိုသန်းလှ (ခေါ်)ကိုမင်းဘာချေကို ထောင်ဒဏ် (၁၅)ရက် ကျခံရန် စစ်တွေ မြို့နယ်တရားရုံးက မတ်လ ၂၀ ရက်နေ့တွင် အမိန့်ချမှတ်လိုက်သည်။

By အောင်ထိန် 21 Mar 2020

အောင်ထိန် | DMG
မတ် ၂၀ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း အရပ်သားသေဆုံးမှုအပေါ် တရားမျှတရန် ဆန္ဒပြတောင်းဆိုခဲ့သဖြင့် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခံထားရသည့် ကိုသန်းလှ (ခေါ်)ကိုမင်းဘာချေကို ထောင်ဒဏ် (၁၅)ရက် ကျခံရန် စစ်တွေ မြို့နယ်တရားရုံးက မတ်လ ၂၀ ရက်နေ့တွင် အမိန့်ချမှတ်လိုက်သည်။

၎င်းကို တရားရုံးက ငွေဒဏ် (၂)သောင်း (သို့မဟုတ်) ငွေဒဏ်မဆောင်လျှင် ထောင်ဒဏ် (၁၅)ရက် ကျခံရမည်ဟု အမိန့်ချမှတ်ခဲ့သည်။ သို့သော် မိမိတွင် အပြစ်မရှိသည့်အတွက် ငွေဒဏ်မဆောင်နိုင်ဟုဆိုကာ ထောင်ဒဏ်ကျခံရန် ရွေးရွယ်ချယ်ခဲ့ခြင်းဟု အမှုကို လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက ပြောသည်။

“တရားရုံးက ငွေဒဏ်နှစ်သောင်း ဒါမှမဟုတ် ထောင်ဒဏ် ၁၅ ရက် ချမှတ်တယ်ပေါ့။ အဲမှာသူက ငြိမ်းချမ်း ရေးဖော်ဆောင်ဖို့အတွက် လုပ်တာဖြစ်တဲ့အတွက် ကျနော့်မှာ အပြစ်မရှိတဲ့အတွက်ကြောင့် ငွေဒဏ်လည်းမဆောင်နိုင်ဘူး။ ထောင်ပဲအကျခံမယ်ဆိုပြီး သူက ငွေဒဏ်မဆောင်ခဲ့ဘူး” ဟု ၎င်းကဆိုသည်။

ကိုမင်းဘာချေသည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့က လူငယ် ၅ ဦးနှင့်အတူ စစ်တွေမြို့ ဦးဥတ္တမပန်းခြံတွင် တိုက်ပွဲရပ်တန့်ရန်နှင့် စစ်ကြောရေးကာလအတွင်း သေဆုံးခဲ့သည့် အရပ်သားများ တရားမျှတမှုရရှိရန် တောင်းဆိုခဲ့သည်။

ထို့ပြင် ၂၀၁၇ ခုနှစ်က မြောက်ဦးမြို့တွင် ရခိုင်နိုင်ငံတော်ကျရှုံးခြင်း ဝမ်းနည်းဖွယ်အထိမ်းအမှတ် ကျင်းပခွင့်မပေး၍ လူစုလူဝေးဖြစ်ပေါ်စဉ် ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းခဲ့သဖြင့် အရပ်သား (၇)ဦးသေဆုံးပြီး လူ (၁၂)ဦးဒဏ်ရာရရှိ သွားသည်။ ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ယင်းနှစ် ဇန်နဝါရီလတွင် ရခိုင်ပြည်နယ်အစိုးရရုံးရှေ့တွင် တရားမျှတမှုရရှိရန် တောင်းဆိုခဲ့သည်။

ထိုတောင်းဆိုမှုနှစ်ခုနှင့်ပတ်သက်ပြီး ၎င်းကို ၂၀၁၉ ၊စက်တင်ဘာလ ၂၃ ရက်နေ့တွင် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ (၁၉)နှင့် စစ်တွေမြို့ အမှတ်(၁) ရဲစခန်းမှ ရဲအရာရှိတစ်ဦးက တရားလိုလုပ်ပြီး တရားစွဲဆိုခဲ့သည်။ သို့သော် ယမန်နေ့က တရားရုံးက အမိန့်ချမှတ်ရာတွင် စစ်တွေမြို့ ဦးဥတ္တမပန်းခြံတွင် ပြုလုပ်သည့် တောင်းဆိုမှုသည် ငြိမ်းစုစီ ပုဒ်မနှင့် မငြိစွန်းဟုဆိုကာ အပြီးသတ်လွှတ်ပေးခဲ့သည်။

ယခု ထောင်ဒဏ်ချမှတ်ခံရခြင်းမှာ မြောက်ဦးဖြစ်စဉ်ကြောင့် ပြည်နယ်အစိုးရရုံးရှေ့တွင် ဆန္ဒပြခဲ့သည့်အတွက် ဖြစ်သည်။

ဗီဒီယိုများ