ရခိုင်က မြို့ငါးမြို့တွင် လူငယ်များစာပေစိတ်ဝင်စားလာရန် Mobile Library ပြုလုပ်

ရခိုင်ပြည်မှ စစ်တွေ၊ မင်းပြား၊ ရသေ့တောင်၊ ကမ်းထောင်းကြီးနှင့် ရမ်းဗြဲ မြို့တို့တွင် လူငယ်များအနေဖြင့် စာပေများကို ပိုမိုစိတ်ဝင်စားလာရန်ရည်ရွယ်ပြီး အပတ်စဉ် Mobile –Library ပြုလုပ်နေကြောင်း သိရသည်။

20 Jun 2021

ဓါတ်ပုံ - ကမ်းထောင်းကြီးတွင်ပြုလုပ်နေသည့် Mobile Library ။

DMG ၊ ဇွန် ၂၀

ရခိုင်ပြည်မှ စစ်တွေ၊ မင်းပြား၊ ရသေ့တောင်၊ ကမ်းထောင်းကြီးနှင့် ရမ်းဗြဲ မြို့တို့တွင် လူငယ်များအနေဖြင့် စာပေများကို ပိုမိုစိတ်ဝင်စားလာရန်ရည်ရွယ်ပြီး အပတ်စဉ် Mobile –Library ပြုလုပ်နေကြောင်း သိရသည်။

ယင်းကဲ့သို့ စာဖတ်ဝိုင်းပြုလုပ်ရခြင်းမှာ လူငယ်များအနေဖြင့် ဖုန်းဖြင့်သာအချိန်ကုန်နေကြသည့်အတွက် စာပေကိုစိတ်ဝင်စားလာရန် ရည်ရွယ်ပြီး ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ယင်းအပြင် စာကြည့်တိုက်များမှာလည်း ပုံမှန်လည်ပတ်နိုင်သည့် အနေအထာမရှိ၍ ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်ကြောင်း စာဖတ်ဝိုင်းများကို ဦးဆောင်နေကြသော လူငယ်အဖွဲ့များမှ တာဝန်ရှိသူများက ပြောသည်။

မင်းပြားလူငယ်များအစည်းအရုံး MBYA က ဒါရိုက်တာ ကိုနေငြိမ်းချမ်းက “ကျနော်တို့ကတော့ မြို့ထက်မှာ လူငယ်တွေ စာကိုစိတ်ဝင်စားလာဖို့၊ နောက် တစ်ဖက်တစ်လမ်းက စာပေကို ပြန်ပြီးတော့ ဝင်ရောက်လာအောင်ပေါ့၊ ဘာလိုလဲဆိုတော့ ကျနော်တို့မြို့မှာက စာကြည့်တိုက်က အသက်မဝင်ဘူးဖြစ်နေတယ်။ အဲဒါကြောင့် အဲဒီစာကြည့်တိုက်ကိုလည်း တစ်ဖက်တစ်လမ်းက လှမ်းနိုင်အောင်ပေါ့၊ စာငတ်နေကြတယ်ဗျ၊ အဲဒါကြောင့် လုပ်ဖြစ်သွားတာပါ ” ဟု ပြောသည်။

ကမ်းထောင်းကြီးလူငယ်များအနေဖြင့်လည်း လူငယ်များဖုန်းသုံးနေကြမည့်အစား စာအုပ်စာပေများ လေ့လာနိုင်ရန်နှင့် လူကြီးများအနေဖြင့်လည်း စာအုပ်စာပေများ ဖတ်ရူနိုင်ရန် ရည်ရွယ်ပြီး အပတ်စဉ် တနင်္လာနေ့တွင် လုပ်နေခြင်းဖြစ်ကြောင်း ကမ်းထောင့်ကြီးလူငယ်အဖွဲ့မှ ဒုဥက္ကဌ ကိုဇင်လင်းခန့်ကပြောသည်။

ရမ်းဗြဲမြို့တွင် စာကြည့်တိုက်ရှိသော်လည်း စာကြည့်တိုက်သို့ စာပေသွားရောက်လေ့လာသည့် လူငယ်နည်းသည့်အတွက် ယခုကဲ့သို့ လုပ်ရခြင်းဖြစ်ကြောင်း ရမ်းဗြဲလူငယ်တစ်ဦး ကိုသော်ဇင်ထွန်းက ပြောသည်။

“ ရမ်းဗြဲမှာက မြို့မစာကြည့်တိုက်ရှိပါတယ်။ ဒါပေမဲ့ စာကြည့်တိုက်ကို လူငယ်တွေသွားပြီးတော့ စာပတ်တာက အလွန်နည်းပါတယ်။ အဲဒါကြောင့် လူငယ်တွေ ပိုပြီးတော့ စိတ်ဝင်စားလာအောင် ရွှေ့လျားစာကြည့်တိုက် Mobile library ပုံစံမျိုး ဖမ်းတီးတာဖြစ်ပါတယ်” ဟု ပြောသည်။

အလားတူ ရသေ့တောင်မြို့က စာပီပလက်ဖောင်းအဖွဲ့မှာလည်း ကိုယ့်ဒေသရှိလူများကို စာအုပ် စာပေနှင့် ရင်းနှီးစေချင်သည့်အတွက် လူငယ်များကို လမ်းမှာမရောက်ရန်နှင့် စာပေနှင့် ဝေးကွာမူမရှိဘဲ စာဖတ်စေချင်သည့် အလေ့အကျင့်ကောင်းများ ဖြစ်လာရန်အတွက် အပတ်စဉ် စနေ့နေတွင် ပြုလုပ်ခြင်းဖြစ်ကြောင်း စာပေပလက်ဖောင်းအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုကောင်းသန့်အောင်ကပြောသည်။

စာဖတ်ဝိုင်းများကို ယင်းမြို့နယ်များတွင် ယခုဇွန်လမှ စတင်ကာ လုပ်ဆောင်နေကြခြင်းဖြစ်ပြီး စာအုပ်စာပေးများကိုလည်း လှူဒါန်းနိုင်သည်။

ဗီဒီယိုများ