ရခိုင်လူငယ်များ စာပေဗဟုသုတတိုးပွားလာရန် ကျောက်ဖြူတွင် ရွေ့လျားစာကြည့်တိုက်ဖွင့်လှစ်

ရခိုင်လူငယ်များ စာဖတ်ခြင်းနှင့် စာပေဗဟုသုတ တိုးပွားလာရေးကို ရည်ရွယ်၍ ကျောက်ဖြူမြို့ ကမ်းနားလမ်းတွင် စာပီကမ်းခြီ (စာပေကမ်းခြေ) အမည်ရှိ ရွေ့လျားစာကြည့်တိုက်ကို ဖွင့်လှစ်ထားကြောင်း သိရသည်။

29 Jun 2021

DMG ၊ ဇွန် ၃၀

ရခိုင်လူငယ်များ စာဖတ်ခြင်းနှင့် စာပေဗဟုသုတ တိုးပွားလာရေးကို ရည်ရွယ်၍ ကျောက်ဖြူမြို့ ကမ်းနားလမ်းတွင် စာပီကမ်းခြီ (စာပေကမ်းခြေ) အမည်ရှိ ရွေ့လျားစာကြည့်တိုက်ကို ဖွင့်လှစ်ထားကြောင်း သိရသည်။

ဇွန်လ ၂၇ ရက်နေ့က စတင်ပြီး စာပေချစ်မြတ်နိုးသောလူငယ်များမှ ဦးဆောင်ကာ ဖွင့်လှစ်ခဲ့ကြောင်း ဦးဆောင်အဖွဲ့ဝင် ကိုကောင်းမြတ်ပိုင်က ပြောသည်။

" ကျနော်တို့ လူငယ်တွေကို ပြောချင်တာကတော့ ဒီစာကြည့်တိုက်ဟာ အဓိက ရည်ရွယ်ချက်ကိုယ်တိုင်က လူငယ်တွေ စာဖတ်အားကောင်းလာဖို့၊ စာပေတွေကို စိတ်ဝင်စားမှု အားကောင်းလာဖို့နဲ့ စာပေတိုးတက်မှ လုပ်ငန်းလုပ်ရတာ ပိုအဆင်ပြေမယ်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် လူငယ်တွေကို စာအမြဲတမ်း လာဖတ်ဖို့ရတယ်ဆိုတဲ့အကြောင်း ပြောချင်ပါတယ်" ဟု ပြောသည်။

ယင်း ရွေ့လျားစာကြည့်တိုက်တွင် လူငယ်များအတွက် ဗဟုသုတ၊ ရသ များစွာရရှိစေမည့် စာအုပ်များစွာပါဝင်ကာ အပတ်စဉ်တနင်္ဂနွေနေ့မှာ ဖွင့်လှစ်ပြီး စာအုပ်များကို ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။

ကျောက်ဖြူမြို့တွင် ရွေ့လျားစာကြည့်တိုက်ဖွင့်လှစ်ထားသည်ကို ကြားသိရသည့်အတွက် လွန်စွာဝမ်းသာပြီး စာအုပ်စာပေများ ဖတ်ရှုနိုင်တော့မည်ဟု ကိုမောင်မောင်ဝင်းက ပြောသည်။

" ကျနော်တို့ ကျောက်ဖြူမြို့မှာ ဒီလိုမျိုး ရွေ့လျားစာကြည့်တိုက်လုပ်တယ်ဆိုတော့ ကျနော်တို့က အားရဝမ်းသာဂုဏ်ယူစွာနဲ့ အားပေးမယ်၊ ပြီးတော့ စာအုပ်တွေလည်း ငှားမယ်ဆိုပြီးတော့ လာခဲ့တာပါ။ ဒါက ကျနော်တို့ လူ့အဖွဲ့အစည်းထဲမှာ တိုးတက်တယ်ဆိုတာကတော့ နည်းပညာတွေရှိတယ်၊ အဆောက်အဦးတွေရှိတယ်၊ အဲဒါတွေ မဟုတ်ဘဲနဲ့ ကျွန်နော်တို့ လူငယ်တွေ အကုန်လုံးကို စာဖတ်ခြင်းနဲ့ ပြုပြင်ပြောင်းလဲနိုင်တယ်ဆိုတာကို အကြီးမားဆုံး တိုးတက်မှုတစ်ခုလို့ ပြောလို့ရပါတယ်။ " ဟု ပြောသည်။

ယင်းအပြင် မြောက်ဦး၊ စစ်တွေ၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့တို့တွင် စာပေချစ်မြတ်နိုးသည့်သူများနှင့် လူငယ်အသင်းအဖွဲ့အစည်းများမှ ရွေ့လျားစာကြည့်တိုက်ကို ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

ဗီဒီယိုများ