- ရခိုင်အရေး ကုလအကြီးအကဲပြောဆိုချက် မြေပြင်နှင့်ကွဲလွဲပြီး ဘက်လိုက်မှုရှိဟု AA ပြော
- ရခိုင်တိုက်ပွဲကာလ နေအိမ်ပျက်စီးသွားသူများ မိုးရာသီဖြတ်ကျော်ရန် အကူအညီလိုအပ်နေ
- မောင်တောတွင် မွတ်ဆလင် ၅ ဦးသတ်ဖြတ်ခံရမှု AA နှင့် လုံးဝမသက်ဆိုင်ကြောင်း ဆို
- ကျောက်ဖြူမြို့နယ်တွင် ဒေသခံတစ်ဦး မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရ
- စစ်ကောင်စီထိန်းချုပ်ရာ စစ်တွေမြို့တွင် အခြေခံစားကုန်များ ပြတ်လပ်လာ
အချိန်မီ မထိန်းသိမ်းခြင်းကြောင့် မြောက်ဦးရှေးဟောင်း မောက်တော်တံခါးပြိုကျဟုဆို
မောက်တော်တံခါးမှာ မြောက်ဦးမြို့ကို ဝင်၊ထွက်နိုင်ရန် တံခါးပေါင်း ၃၀ ကျော်အထိရှိခဲ့သည့်အထဲမှ အကောင်း အတိုင်းကျန်ရှိနေသော တံခါးတစ်ခုဖြစ်ကာ တံခါးပြိုကျမှုမှာ အချိန်မီမထိန်းသိမ်းသဖြင့် ပြိုကျခဲ့ခြင်းဖြစ်ကြောင်း မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းကဆိုသည်။
11 Sep 2019
စိမ်းကိုကို | DMG
စက်တင်ဘာ ၁၁ ၊ စစ်တွေ
မြောက်ဦးမြို့ရှိ မြို့ဝင်တံခါးတစ်ခုဖြစ်သော မောက်တော်တံခါးမှာ စက်တင်ဘာလ ၈ ရက်နေ့က မိုးရွာ သွန်းမှုကြောင့် ပြိုကျခဲ့သည်။
မောက်တော်တံခါးမှာ မြောက်ဦးမြို့ကို ဝင်၊ထွက်နိုင်ရန် တံခါးပေါင်း ၃၀ ကျော်အထိရှိခဲ့သည့်အထဲမှ အကောင်း အတိုင်းကျန်ရှိနေသော တံခါးတစ်ခုဖြစ်ကာ တံခါးပြိုကျမှုမှာ အချိန်မီမထိန်းသိမ်းသဖြင့် ပြိုကျခဲ့ခြင်းဖြစ်ကြောင်း မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းကဆိုသည်။
“ကျွန်မကမြင်ပြီးသား၊ ဘယ်လောက်အက်ကွဲလို့ရှိရင် မိုးရေဝင်ရင် ပြိုနိုင်တယ်ဆိုတာ။ ရှင်းရှင်းပြောမယ် ဆိုရင်တော့ လိုက်မနိုင်ဘူး။ အလုပ်နဲ့လိုက်မနိုင်ဘူး။ မောက်တော်က ဘာကြောင့်ပြိုလဲဆိုတော့ အချိန်မီ မထိန်းသိမ်းလို့ ပြိုကျတယ်” ဟု ၎င်းကပြောသည်။
မောက်တော်တံခါး ပြိုကျမည့်အခြေအနေကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ အချိန်မီ ထိန်းသိမ်းရန်ပြောဆိုခဲ့သော်လည်း ၎င်းတို့မှ လျှော့တွက်ခဲ့ကြကြောင်း ဒေါ်ခင်သန်းက ဆိုသည်။
ထို့ပြင် မြောက်ဦးမြို့၏ အရှေ့ဘက်နှင့် တောင်ဘက်တွင်ရှိသော ရှေးဟောင်းအဆောက်ဦးတချို့မှာလည်း လက်နက်ကြီးပစ်ခတ်ရာမှ တုန်ခါမှုဒဏ်ကြောင့် အက်ကွဲရာများဖြစ်ပေါ်လာနေကြောင်းလည်း သိရသည်။
“ကိုးသောင်း တော်တော်ထိထားတယ်။ ကိုးသောင်းလည်း ဘယ်အချိန်မှာ ဘယ်လိုအက်ကွဲပြီး ပြိုလာမလဲ ဆိုတာကို ကျွန်မလည်း မပြောနိုင်ဘူးပေါ့။ တိုက်ပွဲကြောင့်ဆိုတာမှာ ဆရာမ ပြောလို့ရတာရှိတယ်။ ဥပမာ အမြောက်သည် ဘယ်နေရာက ပစ်နေတယ်။ ပစ်နေတဲ့ပတ်ဝန်းကျင်က ရှေးဟောင်းအဆောက်ဦး တော်တော် များများဟာ တုန်ခါမှုဒဏ်ကြောင့်ပျက်တယ်လို့ ကျွန်မပြောလို့ ရတယ်”ဟု ဒေါ်ခင်သန်းက ဆိုသည်။
ထိုသို့ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုများကြောင့် ရှေးဟောင်း အမွေအနှစ်များပျက်စီးမှုရှိနေသဖြင့် ရှေးဟောင်းနယ်မြေအတွင်း ပစ်ခတ်မှုများ မပြုလုပ်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဒေသခံများက တောင်းဆိုထားကြသည်။
မြောက်ဦးမြို့သည် ရခိုင်ပြည်နယ်၏ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ တည်ရှိရာ မြို့တစ်မြို့ဖြစ်ပြီး လက်ရှိမှာ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း ဝင်နိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိသည်။