ရခိုင်ပြည် အစိုးရအဖွဲ့ရုံးအနီးတွင် လူသတ်မှုဖြစ်ပွား

ရခိုင်ပြည်နယ် စစ်တွေမြို့ အစိုးရအဖွဲ့ရုံးအခြေစိုက်ရာအနီး အရောင်းဆိုင်တစ်ဆိုင်တွင် အမျိုးသမီးငယ်တစ်ဦး အသတ်ခံခဲ့ရကြောင်း ကနဦးစုံစမ်းသိရှိရသည်။

15 Aug 2022

DMG ၊ သြဂုတ် ၁၅

ရခိုင်ပြည်နယ် စစ်တွေမြို့ အစိုးရအဖွဲ့ရုံးအခြေစိုက်ရာအနီး အရောင်းဆိုင်တစ်ဆိုင်တွင် အမျိုးသမီးငယ်တစ်ဦး အသတ်ခံခဲ့ရကြောင်း ကနဦးစုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၁၅ရက် ညနေပိုင်းအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကနဦးစုံစမ်းသိရှိရပြီး အဆိုပါအမျိုးသမီးငယ်မှာ အသက် ၁၈နှစ်အရွယ်ခန့်ရှိပြီဖြစ်ကာ ယင်းဆိုင်အတွင်း ဝမ်းဗိုက်တွင် ဓားဒဏ်ရာ နှစ်ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ တွေ့တဲ့အချိန်မှာ ခန္ဒာက နည်းနည်းတောင့်နေပြီ။ ဝမ်းဗိုက်မှာ ဓားဒဏ်ရာ ၂ချက်နဲ့ သေဆုံးနေတာ။ အခင်းဖြစ်တဲ့ ပတ်ဝန်းကျင်မှာ ဓါးတစ်လက်တွေ့တယ်။ ရုန်းရင်းဆန်ခတ်ဖြစ်သွားတဲ့အခြေအနေကို တွေ့ရတယ်။ လည်ပင်းမှာလည်း ညှိမဲစွဲထားတဲ့အခြေအနေမျိုးကိုတွေ့ရတယ်။ ကျွန်တော်တို့ခန့်မှန်းတာက သေဆုံးတာ ၄၊ ၅နာရီလောက်ကြာပြီလို့ ခန့်မှန်းရတယ်။  ဘာလိုမျိုး ဖြစ်လည်း ဆိုတာတော့ ကျွန်တော်တို့လည်း မသိဘူး။ ပြည်နယ်ရဲတပ်ဖွဲ့ကတော့ လက်ရှိမှာ စုံစမ်းနေတယ်လို့ ပြောပါတယ်”ဟု သေဆုံးသူ အမျိုးသမီးငယ်ရုပ်အလောင်းကို ဆေးရုံသို့ ပို့ဆောင်ခဲ့သူတစ်ဦးက ပြောသည်။

DMG မှ စုံစမ်းသိရှိချက်အရ ယင်းအမျိုးသမီးငယ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်ထားသူတစ်ဦးဖြစ်ပြီး အခင်းဖြစ်ပွားသည့်ဆိုင်တွင် ဝန်ထမ်းတစ်ဦးအဖြစ်လုပ်ကိုင်နေကာ မိဘများမှ ပုံမှန်အိမ်ပြန်ချိန်တွင်ရောက်ရှိမလာ၍ သွားရောက်ကြည့်ရှုရာမှ သေဆုံးနေသည်ကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းဖြစ်စဉ်အား အကြမ်းဖျင်းစုံစမ်းသိရှိရခြင်းဖြစ်ပြီး အကြောင်းအရာအပြည့်အစုံကို သိရှိရပါက ဆက်လက်ရေးသားဖော်ပြပေးပါမည်။

ဗီဒီယိုများ