COVID-19 ရောဂါထိန်းချုပ်နိုင်ရန် မြောက်ဦးမြို့မဈေးမှ အသား၊ ငါး၊ ဟင်း ဈေးတန်းကို ဝရစ်တောကွင်းသို့ ယာယီပြောင်းရွေ့မည်

မြောက်ဦးမြို့တွင် COVID-19 ရောဂါထိန်းချုပ်နိုင်ရေးအတွက် မြို့မဈေးကြီးရှိ ဟင်းသီး၊ ဟင်းရွက်ဈေးတန်းနှင့် အသားငါးဈေးတန်းကို ယနေ့ ဇူလိုင် ၇ ရက်နေ့မှစတင်ပြီး ဆေးရုံအဟောင်းအနီးရှိ ဝရစ်တောကွင်းသို့ ပြောင်းရွေ့သွားမည်ဖြစ်ကြောင်း မြောက်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဇူလိုင် ၇ ရက်တွင် သိရသည်။

07 Jul 2021

DMG ၊ ဇူလိုင် ၇

မြောက်ဦးမြို့တွင် COVID-19 ရောဂါထိန်းချုပ်နိုင်ရေးအတွက် မြို့မဈေးကြီးရှိ ဟင်းသီး၊ ဟင်းရွက်ဈေးတန်းနှင့် အသားငါးဈေးတန်းကို ယနေ့ ဇူလိုင် ၇ ရက်နေ့မှစတင်ပြီး ဆေးရုံအဟောင်းအနီးရှိ ဝရစ်တောကွင်းသို့ ပြောင်းရွေ့သွားမည်ဖြစ်ကြောင်း မြောက်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဇူလိုင် ၇ ရက်တွင် သိရသည်။

COVID-19 ရောဂါဆက်လက်မပြန့်ပွားစေရန်နှင့် လူစုလူဝေးမဖြစ်စေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ဇူလိုင် ၅ ရက်နေ့က ပြုလုပ်သည့် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် အစည်းအဝေးတွင် ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ကြောင်း မြောက်ဦးမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးရွှေမောင်က ပြောသည်။

“COVID-19 ရောဂါထပ်ပြီးမပြန့်ပွားရအောင် လူထူထပ်တာကို လူပြန့်ကြဲသွားအောင် လုပ်လိုက်တာ ဖြစ်တယ်။ နေရာကိုလည်း တစ်ယောက်နဲ့ တစ်ယောက် ၃ ပေအကွာ ၆ ပေအကွာ ထားပေးထားတယ်။ ဈေးသည်တွေအတွက်လည်း အခက်အခဲမဖြစ်ရအောင် NGO၊ INGO အဖွဲ့အစည်းတွေဆီက အမိုးအကာတွေ အကူညီတောင်းထားတယ်။ သားငါးဈေးသည်တွေအနေနဲ့လည်း ရေလိုအပ်ရင် ရေအဆင်သင့်ဖြစ်အောင် အကူညီပေးလို့ဆောင်ရွက်ပေးသွားမယ်။ ဗွက်အိုင်တွေ ထလာရင်လည်း ကျောက်တွေ ထည့်ပေးမယ်ပေါ့နော်။ ” ဟု ဦးရွှေမောင်က ပြောကြားသည်။

ပြောင်းရွေ့ဈေးရောင်းရမည့် ဈေးသည်များအနေဖြင့် ယင်းနေရာတွင် မည်သည့်အချိန်ထိရောင်းချခွင့်ရမည်ကို မသိရသေးကြောင့်နှင့် COVID-19 ရောဂါပြန့်ပွားမှုအပေါ်တွင် မူတည်နေဟု ဆိုသည်။

လက်ရှိ COVID-19 ရောဂါပြန့်ပွားနေချိန်တွင် ယခုကဲ့သို့ လူပြန့်ကြဲအောင် လုပ်ဆောင်ခြင်းမှာ ကောင်းမွန်သည့် လုပ်ရပ်တခုဖြစ်ပြီး COVID-19 ရောဂါကူးစက်မှုကိုလည်း ထိန်းသိမ်းရာရောက်ပြီး ဈေးသည်များအတွက်လည်း ကောင်းမွန်ကြောင်း မြောက်ဦးမြို့ တောင်ရပ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းက ပြောကြားသည်။

ယင်းဈေးသည်များအနေဖြင့် မနက် ၆ နာရီမှ ည ၆ နာရီအထိ သတ်မှတ်ထားသည့်နေရာ၌ ရောင်းချခွင့်ရမည်ဟုလည်း သိရသည်။

မြောက်ဦးမြို့တွင် ပြီးခဲ့သည့် ဇူလိုင် ၅ ရက်နေ့က မြောက်ဦးမြို့ ဆေးရုံသစ်ဝန်းအတွင်း အလုပ်လုပ်ကိုင်နေသူ သုံးဦးထံတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်အတွင်းမှ စစ်တွေ၊ မောင်တော၊ သံတွဲ၊ ဘူးသီးတောင်၊ မြေပုံ၊ မင်းပြား၊ ကျောက်တော်၊ ကျောက်ဖြူ၊ ဂွ၊ တောင်ကုတ်၊ ပုဏ္ဏားကျွန်းနှင့် မြောက်ဦးမြို့နယ်တို့တွင် COVID-19 ရောဂါကူးစက်ခံရသူ စုစုပေါင်း ၅၆၀ အထိရှိလာပြီဖြစ်ကြောင်း သိရသည်။ 

ဗီဒီယိုများ