မြောက်ဦးထမင်းဆိုင်ကို လက်နက်ကြီးကျည် ကျရောက်သောကြောင့် အရပ်သားသုံးဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ထမင်းဆိုင်တစ်ဆိုင်ကို ဧပြီလ ၂၇ ရက်နေ့က လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲလာသောကြောင့် ဆိုင်ဝန်ထမ်းနှစ်ဦးနှင့် ပိုင်ရှင်တစ်ဦး ဒဏ်ရာရရှိသွားသည်။

By နှင်းနွယ် 28 Apr 2020

လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ပျက်စီးသွားသည့် ထမင်းဆိုင်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-Facebook)


နှင်းနွယ် | DMG     
ဧပြီ ၂၈ ၊ မြောက်ဦး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ထမင်းဆိုင်တစ်ဆိုင်ကို ဧပြီလ ၂၇ ရက်နေ့က လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲလာသောကြောင့် ဆိုင်ဝန်ထမ်းနှစ်ဦးနှင့် ပိုင်ရှင်တစ်ဦး ဒဏ်ရာရရှိသွားသည်။

ညောင်ပင်ဈေးရပ်ကွက်၊ မြဝါတောင်အောက်တွင် ဖွင့်လှစ်ထားသည့် အဆိုပါ ထမင်းဆိုင်ကို ညနေ (၄)နာရီခန့်က လက်နက်ကြီးကျည် ကျရောက်ခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိသွားသည့် ဆိုင်ဝန်ထမ်းနှစ်ဦးမှာ မြို့ပေါ်စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များဖြစ်ကြပြီး ၎င်းတို့ဝင်ငွေရရှိရန်အတွက် အလုပ်ခန့်ထားခြင်းသည်။

“ကိုယ့်စီးပွားရေးကိုယ် အေးဆေးလုပ်စားနေတာကို အခုလိုပစ်ခတ်တာကတော့ မတရားဘူး။ ဒဏ်ရာရသွားတဲ့နှစ်ယောက်ကလည်း သျှစ်သောင်းကယ်ဆယ်ရေးစခန်းမှာ နေကြတာ။ ဆင်းရဲတဲ့အတွက် အသုံးစရိတ်လေးရအောင်ဆိုပြီး ကျနော်တို့ဆိုင်မှာ အလုပ်လာလုပ်နေတာ။ အခုလိုဖြစ်သွားတာကိုတော့ စိတ်မကောင်းဘူး”ဟု ဒဏ်ရာရရှိသူ ဆိုင်ပိုင်ရှင်  ဦးအောင်လင်းက DMG သို့ ပြောသည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၁၆)နှစ်အရွယ် မမိငယ်မှာ ခြေသလုံးထုတ်ချင်းဖောက် ဒဏ်ရာရရှိသွားပြီး အသက် (၆၀)နှစ်အရွယ် အမျိုးသမီးကြီးတွင် ခြေသလုံးနှင့်ပေါင်တို့တွင် ဒဏ်ရာရရှိသွားသည်။ ဦးအောင်လင်းမှာလည်း ခြေထောက်တွင် ဒဏ်ရာရရှိသွားသည်။

လက်ရှိတွင် မမိငယ်မှာ မြောက်ဦးဆေးရုံတွင် ဆေးကုသမှုခံယူနေရပြီး ခြေထောက်တွင် ဒဏ်ရာပြင်းထန်သဖြင့် ဓာတ်မှန်ရိုက်ရန် လိုအပ်နေသည်။ ကျန်နှစ်ဦးမှာ ဒဏ်ရာမပြင်းထန်သဖြင့် ဆေးရုံက ဆင်းသွားပြီဖြစ်သည်။

လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ထမင်းဆိုင်ခေါင်မိုးပေါက်ထွက်သွားပြီး ထမင်းချက်ပြုတ်သည့် အိုးအချို့လည်း ပေါက်ပြဲ ပျက်စီးသွားသည်။

မြောက်ဦးမြို့တွင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်းနှင့် လက်နက်ငယ်ပစ်ခတ်သံ နှစ်ချက်ခန့်ကြားရပြီး နောက် ယင်းသို့လက်နက်ကြီးကျည်ကျသဖြင့် ဒဏ်ရာရရှိသွားကြခြင်းဖြစ်သည်ဟု ညောင်ပင်ဈေးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြသာထွန်းက ပြောသည်။

“ နှစ်ဖက် တိုက်ပွဲဖြစ်လို့ ထိသွားတာဆိုရင် ပြဿနာမရှိဘူး။ ဒါပေမယ့် အခုလို ဘာမှမဟုတ်ဘဲ အလွတ် ပစ်ခတ်နေတာတွေကိုတော့ ကျနော်တို့အနေနဲ့ မဖြစ်စေချင်ဘူး။ လိုလည်း မလိုလားဘူး။ ပြည်သူတွေအတွက် ထိခိုက်နစ်နာစေတယ်”ဟု ၎င်းကပြောသည်။

မြောက်ဦးမြို့တွင်းတွင် ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့၊ ညနေ (၁၀)နာရီခန့်ကလည်း ပစ်ခတ်သံများကြားရ သဖြင့် စိုးရိမ်နေရသည်ဟု ဒေသခံများထံက သိရသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးတင်းမာနေပြီး အရပ်သားထိခိုက်မှု အရေအတွက် တဖြည်းဖြည်း မြင့်တက်လာကာ တိုက်ပွဲကြောင့် စစ်ဘေးရှောင် တစ်သိန်းငါးသောင်း ကျော်အထိ ရှိလာသည်။

ဗီဒီယိုများ