မြောက်ဦးတွင် စစ်ကောင်စီမှ လက်ကမ်းစာစောင်များပေးကာ ဝါဒဖြန့်

ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ယနေ့(မေလ ၃ ရက်)နံနက် ၉ နာရီကျော်အချိန်က စစ်ကောင်စီမှ လမ်းသွားလမ်းလာများကို လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကာ “နိုင်ငံရေးလုပ်စားများနှင့် ပြည်ဖျက်မီလိမ်ညာတို့ပေါင်းပြီး တိုက်ပွဲသတင်းအတု၊ လုပ်ကြံသတင်းအမှားများဖန်တီးကာ ပြည်သူ့ထံမှမျက်ရည်ချူအလှူခံစားနေ”ဟု ဝါဒဖြန့်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

03 May 2022

DMG ၊ မေ ၃

ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ယနေ့(မေလ ၃ ရက်)နံနက် ၉ နာရီကျော်အချိန်က စစ်ကောင်စီမှ လမ်းသွားလမ်းလာများကို လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကာ “နိုင်ငံရေးလုပ်စားများနှင့် ပြည်ဖျက်မီလိမ်ညာတို့ပေါင်းပြီး တိုက်ပွဲသတင်းအတု၊ လုပ်ကြံသတင်းအမှားများဖန်တီးကာ ပြည်သူ့ထံမှမျက်ရည်ချူအလှူခံစားနေ”ဟု ဝါဒဖြန့်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မြောက်ဦးမြို့၊ လော်ကမှုရပ်ကွက်အနီး ကမ်းနားလမ်းခွဆုံတွင် စစ်တပ်၊ ရဲ၊ ထွေအုပ်၊ ယာဉ်ထိန်းရဲ၊ စည်ပင်၊ မီးသတ်၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သည့် လူဦးရေ ၄၀ ခန့်မှ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း လက်ကမ်းစာစောင်နှင့်အတူ NUG နှင့် PDF အဖွဲ့တို့အား ထောက်ပံ့မှုမလုပ်ရန် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့သည်ဟု ဒေသခံများကပြောသည်။

“သတင်းဌာနတွေက သတင်းအမှားတွေဖြန့်ဝေနေတာတွေကို ပြည်သူတွေအနေနဲ့ မယုံကြည်ကြဖို့ လက်ကမ်းစာစောင် တစ်ရွက်စီပေးတယ်။ ယာဉ်ထိန်းရဲကတော့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ပတ်သက်ပြီးတော့ လက်ကမ်းစာစောင် တစ်ရွက်ပေးတယ်။ လမ်းသွားလမ်းလာ ဆိုင်ကယ်၊ကားတွေကို ရပ်တန့်စေပြီးတော့ အကုန်လုံးကိုပေးပါတယ်။ ဒီစာရွက်တွေဟာ ဘာကြောင့်ပေးတယ်ဆိုတာတော့ မသိဘူး။ အရင်တုန်းကတော့ ဒီလိုမျိုးလုပ်တာတော့ မရှိဘူး။ ဒါကတော့ ပထမပေါ့နော်”ဟု လော်ကမှုရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်မောင်ကြီးကဆိုသည်။

ပြည်တွင်းရှိ မီဒီယာအချို့မှာ ဒေါ်လာရရှိရန်အတွက် သတင်းတု၊ သတင်းမှားများဖြင့် ပြည်သူတို့၏အသိဉာဏ်ကို မှိုင်းတိုက်လျက်ရှိသည်ဟုလည်း စစ်ကောင်စီမှဖြန့်ဝေသည့် အဆိုပါလက်ကမ်းစာစောင်တွင်ဖော်ပြသည်။

“ဒီမှာပါလာတဲ့ စစ်သားအရာရှိတစ်ဦးပြောတာကတော့ သတင်းမီဒီယာက ဝါဒဖြန့်သတင်းတွေကို ပြည်သူတွေ ယုံကြည်အောင်ရေးတယ်။ မဟုတ်မမှန်တဲ့ သတင်းတွေကိုရေးတယ်။ အဲဒါတွေကိုမယုံကြည်ကြဖို့နဲ့ ရက္ခိုင့်တပ်တော်(AA)နဲ့ အစိုးရကြားမှာ ရန်တိုက်နေတဲ့ပုံစံမျိုးတွေကို ပြည်သူတွေကအထင်လွဲအောင် သတင်းမီဒီယာတွေကဖြန့်တယ်။ NUG ၊ PDF အဖွဲ့တွေကိုလည်း ထောက်ပံ့တာတွေပိုလုပ်ဖို့အတွက် သတင်းမီဒီယာတွေကဖော်ပြတယ်။ အဲဒါကြောင့် လက်ကမ်းစာစောင်တွေကို ဖြန့်ဝေပေးတာလို့ပြောပါတယ်”ဟု အမည်မဖော်လိုသည့် ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါ လက်ကမ်းစာစောင်များဖြန့်ဝေနေစဉ် ဆိုင်ကယ်၊ကားများကို လိုင်စင်စစ်ဆေးခြင်းလည်း ပြုလုပ်ခဲ့သည်ဟု ကျောက်တော်-မြောက်ဦး ပြေးဆွဲနေသည့် ယာဉ်မောင်း ဦးကျော်ကျော်ကပြောသည်။

“အဲဒီမှာလက်ကမ်းစာစောင် ၂ စောင်ပေးတယ်။ ပြီးတော့ကားလိုင်းစင်၊ ဆိုင်ကယ်လိုင်စင်တွေကို ယာဉ်ထိမ်းရဲက စစ်ဆေးပါတယ်။ ရဲ၊ လက်နက်ကိုင်ထားတဲ့ စစ်သားတွေလည်းပါတော့ ကျနော်တို့လည်းစိုးရိမ်တယ်ပေါ့။ တချို့ဆိုရင် အဲဒီလမ်းကမသွားပဲ တခြားလမ်းကသွားတာတွေလည်း ရှိပါတယ်”ဟု ၎င်းကဆိုသည်။

“NUG ပြည်ပြေးအဖွဲ့ရဲ့ အလုံးစုံပျက်စီးရေးလမ်းစဉ်အရ နိုင်ငံအနှံ့အပြားတွင် တည်ငြိမ်အေးချမ်းပျက်ပြားပြီး ငါတို့နိုင်နေပြီဆိုသည့် လှုံ့ဆော်မှုကို ပြည်သူများယုံကြည်လာစေရန်” ၊ “PDF များ၏ အကြမ်းဖက်လုပ်ရပ်များ၊ ထိခိုက်ကျဆုံးမှုများကိုဖုံးကွယ်၍ နိုင်နေပြီဟုအထင်ဖြင့် စိတ်ဓာတ်တက်ကြွစေရန်နှင့် အဖျက်အလုပ်များ အရှိန်အဟုန်မကျစေရန်” ၊ “PDF များကို အထင်ကြီးလာစေရန်နှင့် ထောက်ပံ့ကြေးများများရရှိစေရန်” ၊ “(နစက)အစိုးရ မကောင်းသတင်း အပုဒ်ရေများများရေးပြီး ဒေါ်လာများများရရှိစေရန်နှင့် တပ်မတော်မုန်းတီးရေးဝါဒဖြန့်ရန်”တို့မှာ ပြည်ဖျက်မီဒီယာများ၏ သတင်းတု၊ သတင်းမှာနောက်ကွယ်ရည်ရွယ်ချက်များဟု စစ်ကောင်စီ၏ လက်ကမ်းစာစောင်တွင် ဖော်ပြထားသည်။

ယင်းအပြင် ပြည်သူများအထင်ကြီးအောင် ဗုံးပေါက်ကွဲမှုနှင့် တိုက်ပွဲဖြစ်စဉ် သတင်းအမှား၊အမှန်ရောထွေးပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု၊ အကျိုးအမြတ်ရရှိမှုများကို ကိန်းဂဏန်းအတုနှင့်ရေးသားဖော်ပြနေခြင်း၊ အခြေအမြစ်မရှိသည့် လူမှုကွန်ရက်ပေါ်က သတင်းတု၊သတင်းမှားများ၏ အဆိပ်အတောက်မမိစေရန် စဉ်းစားဆင်ခြင် ချင့်ချိန်ပြီးမှယုံကြည်ရန်၊ သတင်းတုသတင်းမှားကြောင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို များစွာထိခိုက် စေလျက်ရှိကြောင်း၊ သတင်းလိမ်ပြည်ဖျက်မီဒီယာများ အဆင့်အတန်းမရှိ လုပ်ကြံသတင်းအတု၊ သတင်းအမှားများကို ကျင့်ဝတ်သိက္ခာမဲ့စွာ ရေးသားဖော်ပြနေဟုလည်း အဆိုပါလက်ကမ်းစာစောင်တွင် ရေးသားထားသည်။

NUG ၊ PDF တို့နှင့် ဆက်စပ်မှုမရှိသည့်နေရာတွင် ယခုကဲ့သို့လက်ကမ်းစာစောင်များ ဖြန့်ဝေနေခြင်းမှာ အဓိပ္ပာယ်မရှိသည့် လုပ်ရပ်သာဖြစ်ကြောင်း ဒေသခံများကပြောဆိုကြသည်။

ဗီဒီယိုများ