ကိုဗစ်အရှိန်မြင့်နေသော်လည်း တရားရုံးများ၌ ကြားနာသည့်အမှုများကို ပုံမှန်အတိုင်းဆောင်ရွက်မည်ဟု ရခိုင်ပြည်နယ်ကောင်စီ ပြောခွင့်ရသူဆို

Covid-19 တတိယလှိုင်းအတွင်း ကူးစက်ပြန့်ပွားမှု အရှိန်မြင့် နေသော်လည်း တရားရုံးများ၌ကြားနာသည့် အမှုများကို ခေတ္တဆိုင်းငံ့ခြင်း(သို့)ရွှေ့ဆိုင်းမည်မဟုတ်ဘဲ ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းက ပြောသည်။

29 Jul 2021

DMG ၊ ဇူလိုင် ၂၉

Covid-19 တတိယလှိုင်းအတွင်း ကူးစက်ပြန့်ပွားမှု အရှိန်မြင့် နေသော်လည်း တရားရုံးများ၌ကြားနာသည့် အမှုများကို ခေတ္တဆိုင်းငံ့ခြင်း(သို့)ရွှေ့ဆိုင်းမည်မဟုတ်ဘဲ ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းက ပြောသည်။

မြန်မာနိုင်ငံရှိ အစိုးရရုံးများကို ဇူလိုင် ၁၇ ရက်မှ ၂၅ ရက်နေ့ အထိ ရုံးပိတ်ရက်အဖြစ် စစ်ကောင်စီကသတ်မှတ်ခဲ့ပြီး ဆက်လက်၍ ဇူလိုင်လ ၂၆ ရက်မှ ဩဂုတ်လ ၁ ရက်နေ့အထိကို အများပြည်သူအလုပ်ပိတ်ရက်အဖြစ် နောက်ထပ်တစ်ပတ်တိုးမြှင့်ကြောင်း ဇူလိုင်လ ၂၃ ရက်တွင် ကြေညာခဲ့သည်။

ရုံးပြန်တက်သည့်နေ့တွင် တရားရေးဆိုင်ရာကိစ္စရပ်များကို ပုံမှန်လုပ်နေကျအတိုင်း ဆောင်ရွက်သွားမည်ဟု ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကပြောသည်။

“အခုက ရုံးနှစ်ပတ်ပိတ်ထားတယ်။ ပြီးရင်တော့ ရုံးပြန်တက်တဲ့နေ့မှာ တရားစီရင်ရေးက ပုံမှန်အရင်လိုပဲရှိမယ်။ သို့သော် Policy ပိုင်းအရ တရားရုံးချုပ်က ဘယ်လိုညွှန်ကြားမလဲ ဆိုတာကို ကျွန်တော်တို့လည်းမပြောတတ်သေးဘူး”ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ယခင်ကိုဗစ်ဒုတိယလှိုင်း ဖြစ်ပွားခဲ့သည့် ကာလအတွင်း ရောဂါကူးစက်မှုအခြေအနေတိုးလာချိန်တွင် တရားရုံး၌ကြားနာသည့်အမှုများကို ယာယီရပ်နားခဲ့သည်။

လက်ရှိဖြစ်ပွားနေသည့် Covid-19 တတိယလှိုင်းအတွင်း ရခိုင်ပြည်နယ်တွင်လည်း ပြည်တွင်းကူးစက်မှုမြင့်မားလျက် ရှိနေသည်။

ကိုဗစ်ရောဂါဖြစ်ပွားမှုမှာ စိုးရိမ်ရသည့်အနေအထားတွင်ရှိနေပြီး တရားရေးဆိုင်ရာကိစ္စရပ်များကို ရပ်ဆိုင်းမည်ဆိုလျှင်လည်း စွပ်စွဲခံထားရသူများအတွက် နစ်နာမှုရှိနိုင်သည့်အတွက် မည်သည့်ပုံစံဖြင့် ရုံးထုတ်စစ်ဆေးမည်ကို စဉ်းစားသင့်ကြောင်း ဥပဒေရေးရာကုစားရေးအဖွဲ့(မြန်မာ) ရခိုင်ပြည်နယ်ရုံးခွဲမှ တရားလွှတ်တော်ရှေ့နေ ဒေါ်မြသူဇာက ပြောဆိုသည်။

“ရုံးထုတ်ဖို့အတွက် ရုံးမထုတ်ဖြစ်ရင် စွပ်စွဲခံထားရသူတွေအတွက်နစ်နာတယ်။ ဘယ်လိုပုံစံမျိုးနဲ့ စစ်ဆေးမှာလဲ လူချင်းမဟုတ်ဘဲ Ecode စနစ်နဲ့ စစ်ဆေးမှာလား။ အဲလိုပုံစံမျိုးတွေကိုတော့ လုပ်သင့်တယ်လို့မြင်တယ်” ဟု ဒေါ်မြသူဇာကပြောသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့နှင့် ယင်းနေ့မတိုင်မီက သက်ဆိုင်ရာတရားရုံး၌ တရားစွဲခံထားရသည့် ပြစ်မှုများထဲမှ ခိုးမှုအပါအဝင် အမှုအမျိုးအစား ၁၁ မျိုးအား အမှုပိတ်သိမ်းလိုက်ကြောင်း ဇူလိုင်လ ၂၀ ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့သည်။

လက်တလောဖြစ်ပွားနေသော ကိုဗစ်ကူးစက်မှုကို ထိရောက်စွာ ကာကွယ်ကုသနိုင်ရေးအတွက်လည်းကောင်း၊ သက်ဆိုင်ရာ တရားရုံး များတွင် စွဲဆိုခံထားသည့် ပြစ်မှုများအတွက် တရားခံများကို ကိုဗစ်စည်းမျဉ်းများကြောင့် ရုံးထုတ်စစ်ဆေးနိုင်ခြင်းမရှိသည့်အတွက် ချုပ်ရက်များရှည်ကြာနေသဖြင့် လည်းကောင်း၊ အချို့သောပြစ်မှုဖြင့် စွဲဆိုခံရသည့် နိုင်ငံသားများအတွက် သက်ညှာစွာ စဉ်းစားသောအားဖြင့် ပုဒ်မ ၄၁၉ အရ အမိန့်ထုတ်ပြန်ခြင်းဖြစ်ကြောင်း ကြေညာချက်တွင်ပါရှိသည်။

ပြည်သူ့ကျန်းမာရေးဌာန၏ ဇူလိုင် ၂၈ ရက်နေ့အထိ စာရင်းအရ ရခိုင်တွင် Covid-19 ပိုးတွေ့လူနာ ၂၅၁၃ ဦးရှိပြီး ယင်းအထဲမှ သေဆုံးသူ ၁၄၆ ဦးအထိရှိကြောင်း သိရသည်။

ဗီဒီယိုများ