ရခိုင်တွင် ကိုဗစ်ပိုးတွေ့လူနာ ၇ ဦးအား အောက်ဆီဂျင်ပေးထားရ၊ သံသယလူနာတစ်ဦးသေဆုံး

ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၇ ဦးကို အောက်ဆီဂျင်ပေးထားရပြီး သံသယလူနာတစ်ဦး သေဆုံး သွားခဲ့ကြောင်း သက်ဆိုင်ရာ ဆရာဝန်ကြီးများထံမှသိရသည်။

By ဉာဏ်ဟိန်း 19 Sep 2020

ပုံစာ - ကိုဗစ်ရောဂါ ကင်းစင်၍ စစ်တွေဆေးရုံးကြီးမှ ဆေးရုံဆင်းသွားကြသူများအား တွေ့ရစဉ်

ဉာဏ်ဟိန်း | DMG
စက်တင်ဘာ ၁၉ ၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၇ ဦးကို အောက်ဆီဂျင်ပေးထားရပြီး သံသယလူနာတစ်ဦး သေဆုံး သွားခဲ့ကြောင်း သက်ဆိုင်ရာ ဆရာဝန်ကြီးများထံမှသိရသည်။

“အောက်စီဂျင်ပေးထားရတဲ့သူတွေကတော့ အသက်ကြီးပိုင်းတွေဖြစ်တယ်။ အကုန်လုံးကတော့ ကျန်းမာရေး ကောင်းကြပါတယ်”ဟု စစ်တွေဆေးရုံကြီး ဒေါက်တာဇော်လွင်က DMG သို့ ပြောသည်။

လက်ရှိ စစ်တွေဆေးရုံတွင် ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၂၂၇ ဦးရှိပြီး ယင်းအထဲတွင် ကျန်းမာရေးဝန်ထမ်း နှစ်ဦးပါဝင်ကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။
စစ်တွေမြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာတစ်ဦး စက်တင်ဘာ ၁၃ ရက်နေ့က သေးဆုံးသွားခဲ့သည်။

အမ်းမြို့တွင် စက်တင်ဘာလ ၁၈ ရက် ညနေ့ ၁၁ နာရီကျော်အချိန်က ကိုဗစ်-၁၉ သံသယရှိသူ တစ်ဦး သေဆုံး သွားခဲ့ကြောင်း အမ်းမြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ကျော်မိုးက DMG သို့ပြောသည်။

“သူကို ရောဂါပိုးစစ်ဆေးဖို့ဆိုပြီးတော့ သံသယလူနာအနေနဲ့ထားတာ။ ပိုးမစစ်ရသေးဘူး။ သူက ရုတ်တရက် ဖျားပြီးတော့ မနေ့ကအမ်းဆေးရုံကိုရောက်လာတာ” ဟု ၎င်းကရှင်းပြသည်။
အမ်းမြို့တွင် ရောဂါပိုးတွေ့ရှိသူ (၃)ဦးရှိပြီး သံသယလူနာ(၂)ဦးရှိကြောင်း ဒေါက်တာအောင်ကျော်မိုး ဆက်လက်ပြောသည်။

ထို့အပြင် အင်တာနက်လိုင်းဖြတ်တောက်ခံထားရသည့် မြောက်ဦးမြို့နယ်တွင်လည်း ကိုဗစ်ရောဂါပိုးတွေ့ရှိသူ များလာနေသည်။

“ကျွန်တော်တို့မြောက်ဦးမှာ အင်တာနက်လိုင်းတွေလည်းမရတော့ သတင်းအချက်အလက် ချက်ချင်းမရတဲ့ အတွက် ဒေသခံတွေအနေနဲ့တော့ စိုးရိမ်းမှုတွေရှိတယ်။ အဲဒါကြောင့်ကိုဗစ်နဲ့ပတ်သက်ပြီး ကျန်းမာရေးက လုပ်ဆောင်မှုတွေ၊ အဖွဲ့အစည်းတွေပိုပြီးတော့ ကူညီပေးစေချင်တယ်” ဟု မြောက်ဦးဒေသခံ ကိုကျော်စိုးက ဆိုသည်။

လက်ရှိ မြန်မာ့နိုင်ငံတွင် ရောဂါပိုးတွေ့ရှိသူ ၄၆၂၁ ဦး၊ စောင့်ကြည့်လူနာ ၁၀၇၁၈၊ သေဆုံးသူ ၈၁ ဦးရှိကြောင်း ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ညနေ့ ၄ နာရီအချိန်က ထုတ်ပြန်ထားသည်။

ဗီဒီယိုများ