PDF ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ ဂွမြို့နယ်တွင် လူနှစ်ဦးကိုဖမ်းဆီးပြီး အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ထား

ပြည်သူ့ကာကွယ်ရေးတပ်(PDF)အဖွဲ့ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ပြီးခဲ့သည့်ဖေဖော်ဝါရီလ(၁၉)ရက်နေ့က လူနှစ်ဦးကိုဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

24 Feb 2022

Photo -97 Media Regional News

DMG ၊ ဖေဖော်ဝါရီ ၂၄

ပြည်သူ့ကာကွယ်ရေးတပ်(PDF)အဖွဲ့ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ပြီးခဲ့သည့်ဖေဖော်ဝါရီလ(၁၉)ရက်နေ့က လူနှစ်ဦးကိုဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

၎င်းတို့နှစ်ဦးမှာ အကြမ်းဖက်အဖွဲ့စည်းများကို ပြည်သူတို့ထံမှငွေကြေးအလှူခံ၍ ထောက်ပံ့ပေးနေသည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားရခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“အကြမ်းဖက်ဥပဒေ ၅၀(ည)နဲ့ဖွင့်ထားတယ်။ ဘာကြောင့်ဖွင့်လဲ ဆိုတော့ အကြမ်းဖက်အဖွဲ့စည်းတွေကို‌ထောက်ပံ့လို့ပေါ့။ အလှူငွေကောက်ခံတယ်။ အကြမ်းဖက်အဖွဲ့စည်းကိုထောက်ပံ့တယ်။ ဒါကြောင့် အကြမ်းဖက်ပုဒ်မ-၅၀(ည)နဲ့ အမှုဖွင့်တယ်”ဟုအမည်မဖော်လိုသည့်ရဲအရာရှိတစ်ဦးက DMG ကို ပြောသည်။

လက်ရှိတွင် ထိုသူတို့ကို ဂွမြို့မရဲစခန်းတွင်ထိန်းသိမ်းထားကာ စစ်ဆေးလျက်ရှိသည်ဟု ဂွမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က DMG ကို အတည်ပြုသည်။

“အဲဒီသတင်းကမှန်တယ်။ သူတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)နဲ့ အမှုဖွင့်ထားပါတယ်။ လက်ရှိမှာ သူတို့ကို ဂွမြို့မရဲစခန်းမှာ စစ်ဆေးနေဆဲဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ဂွဒေသခံတဦးက “အဲဒါကတော့ ဟိုနေ့က ကြားမိလိုက်တယ်။ သူကတော့ ခန်းမလာဆောက်တဲ့ ဆိုက်အင်ဂျီနီယာတစ်ဦးလို့တော့ သိရတယ်။ အခြားနေရာကနေ ဒီမှာ အလုပ်လာလုပ်တယ်ပေါ့။ သူ့ကိုလက်ဖက်ရည်ဆိုင်မှာ ဖမ်းသွားတာလို့ကြားတယ်။ ဘာကြောင့်လဲတော့ ကျနော်မသိဘူး။ ကျနော်သိတာကတော့ အဲဒီတစ်ဦးပဲကြားတယ်။ နောက်တစ်ဦးကတော့ ကျနော်လည်းမသိဘူးဗျာ”ဟု DMG ကိုပြောသည်။

ဖြစ်စဉ်အသေးစိတ်ကို ဂွမြို့မရဲစခန်းမှ စခန်းမှူးထံ ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

အမှုဖွင့်ခံထားရသူ ၂ ဦးမှာ ဂွမြို့ ဒေါင်ချောင်းကျေးရွာအုပ်စု ဆားချက်ကွင်းရွာမှ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူ ကိုနိုင်နိုင်အေးနှင့် ရန်ကုန်မှ မြို့ပြအင်ဂျင်နီယာ ကိုဇင်မိုးပိုင်တို့ဖြစ်ကြောင်း DMG မှ စုံစမ်းသိရှိရသည်။ ဖမ်းဆီးခံရသူများ၏ မိသားစုများနှင့် အဆက်အသွယ်ရရှိနိုင်ရန် DMG က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ရခိုင်ပြည်နယ်တွင် PDF ကို ငွေကြေးထောက်ပံ့မှု၊ ပါဝင်ပတ်သက်မှုတို့ရှိသည်ဟုဆိုကာ ဖမ်းဆီးခံထားသူ ၁၀ ထက်မနည်းထိရှိနေပြီဖြစ်သည်။

ဗီဒီယိုများ