တရားမျှတမှုရရှိရန် ဆန္ဒပြမှုကြောင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့် ကိုမင်းဘာချေ လွတ်မြောက်

ရခိုင်ပြည်နယ်အတွင်း အရပ်သားသေဆုံးမှုအပေါ် တရားမျှတရန် ဆန္ဒပြတောင်းဆိုခဲ့သောကြောင့် ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုပြီး ထောင်ဒဏ် (၁၅)ရက်ကျခံခဲ့ရသည့် ကိုသန်းလှ(ခေါ်)မင်းဘာချေမှာ ယနေ့ ဧပြီလ ၃ ရက်နေ့၊ နံနက်ပိုင်းက စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာသည်။

By မင်းထွန်း 03 Apr 2020

ဓာတ်ပုံ - ဦးခင်သိန်း

မင်းထွန်း | DMG
ဧပြီ ၃ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း အရပ်သားသေဆုံးမှုအပေါ် တရားမျှတရန် ဆန္ဒပြတောင်းဆိုခဲ့သောကြောင့် ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုပြီး ထောင်ဒဏ် (၁၅)ရက်ကျခံခဲ့ရသည့် ကိုသန်းလှ(ခေါ်)မင်းဘာချေမှာ ယနေ့ ဧပြီလ ၃ ရက်နေ့၊ နံနက်ပိုင်းက စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာသည်။

၂၀၁၇ ခုနှစ်က မြောက်ဦးမြို့တွင် ရခိုင့်အချုပ်အခြာအာဏာကျရှုံးခြင်း ဝမ်းနည်းဖွယ်အထိမ်းအမှတ် ကျင်းပခွင့်မပေး၍ လူစုလူဝေးဖြစ်ပေါ်စဉ် ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းခဲ့သဖြင့် အရပ်သား (၇)ဦး သေဆုံးပြီး လူ (၁၂)ဦးဒဏ်ရာရရှိ သွားသည်။ ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ကိုမင်းဘာချေနှင့် လူငယ်တစ်ခုသည် ယင်းနှစ် ဇန်နဝါရီလတွင် ရခိုင်ပြည် နယ်အစိုးရရုံးရှေ့တွင် တရားမျှတမှုရရှိရန် တောင်းဆိုခဲ့သည်။

ထို့ကြောင့် ၎င်းကို ၂၀၁၉၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်း ဆိုင်ရာဥပဒေ ပုဒ်မ (၁၉)ဖြင့် စစ်တွေမြို့ အမှတ်(၁) ရဲစခန်းမှ ရဲအရာရှိတစ်ဦးက တရားလိုလုပ်ပြီး တရားစွဲဆိုခဲ့ပြီး ၂၀၂၀ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် ထောင်ဒဏ် (၁၅)ရက်ချခံရန် စစ်တွေမြို့နယ်တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

ငြိမ်းချမ်းရေး၊ တရားမျှတမှုရရှိရေးအတွက် တောင်းဆိုသူများကို ယခုကဲ့သို့ ဖမ်းဆီးအရေးယူခြင်းမှာ လွတ်လပ် စွာပြောဆိုရေးသားခွင့်များကို အစိုးရက ဂရုမစိုက်ခြင်းဟု အကျဉ်းထောင်မှ လွတ်မြောက်လာသူ ကိုမင်းဘာချေက ဝေဖန်သည်။

“ပြည်သူတွေရဲ့ကြားထဲမှာ လိုအပ်နေတဲ့ ငြိမ်းချမ်းရေး တရားမျှတမှု၊ အခွင့်အရေးတွေကို ကျနော်တို့လို တောင်းဆိုနေကြတဲ့ လူတွေကို အခုလိုမျိုး ဖမ်းဆီး၊အရေးယူ ချုပ်နှောင် အကျဉ်းချခံရတယ်ဆိုရင် ဒါဟာ ဒီလိုမျိုးလုပ်ရပ်ဟာ လက်ရှိမြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစံနှုန်းဖြစ်တဲ့ လွတ်လပ်စွာ ရေးသား၊ပြောဆို၊တောင်းဆို ပိုင်ခွင့်တွေကို အစိုးရက ဂရုမစိုက်သလို တိုင်းရင်းသားတွေ တောင်းဆိုနေကြတဲ့ တရားမျှတမှု၊ ငြိမ်းချမ်းရေး တွေကို သူတို့ဟာ မလိုချင်လို့ပေါ့။ ဒါကြောင့်မို့လို့ ဒီလိုမျိုးဖမ်းဆီး၊ချုပ်နှောင်အရေးယူဖြစ်တယ်လို့ပဲ မြင်ပါတယ်” ဟု ၎င်းကပြော သည်။

ကိုမင်းဘာချေသည် ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်မှ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ရခိုင်ပြည်နယ်နှင့်ချင်းပြည် နယ်တွင် အင်တာနက်ဖြတ်တောက်မှု ချက်ချင်းရပ်တန့်ပေးရန်လည်း တောင်းဆိုဖူးသည်။

ဗီဒီယိုများ