ရခိုင်တွင် ဆန်ဈေးဆက်လက်မြင့်တက်လာနိုင်ဟုဆို

ရခိုင်ပြည်တွင် ဆန်ဈေးများ ဆက်လက်မြင့်တက်လာနိုင်ကြောင်း ဆန်စပါးလုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ပြောဆိုကြသည်။

08 Aug 2022

DMG ၊ သြဂုတ် ၈

ရခိုင်ပြည်တွင် ဆန်ဈေးများ ဆက်လက်မြင့်တက်လာနိုင်ကြောင်း ဆန်စပါးလုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ပြောဆိုကြသည်။

ယခင်က ရခိုင်တွင် ပေါ်ဆန်းတစ်အိတ်လျှင် ၄၆၀၀၀၀ ကျပ်မှ ၅၀၀၀၀ ကျပ်အကြားရှိခဲ့ပြီး လက်ရှိတွင် ၅၀၀၀၀ ကျပ်မှ ၆၀၀၀၀ ကျပ်ကြားအထိ မြင့်တက်လျှက်ရှိကြောင်း ဆန်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

ထို့အပြင် ဆန်ကြမ်းဟုသတ်မှတ်ထားသည့် ဆန်များမှာလည်း ယခင်က ၃၁၀၀၀ ကျပ်ခန့်သာ ရှိခဲ့သော်လည်း ယခုအခါ ၃၄၀၀၀ ကျပ်ခန့်အထိ ဈေးမြင့်တက်လျှက်ရှိကြောင်း ဆန်လုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။

ရခိုင်ပြည်သည် မိုးစပါးတစ်ခုတည်းကိုသာ စိုက်ပျိုးနေခြင်းနှင့် လက်ရှိတွင် ဆန်ထွက်ရှိမည့်ရာသီမှာ လိုနေသေးသည့်အတွက် ဆန်ဈေးမှာ ဆက်လက်မြင့်တက်လာနိုင်ကြောင်း ဆန်လုပ်ငန်းလုပ်ကိုင်သူ ဦးဇော်သန်းအောင်က သုံးသပ်ပြောဆိုသည်။

“ရခိုင်မှာက မိုးစပါးတစ်ခုတည်းစိုက်တယ်။ နောက်ပြီး လက်ရှိအချိန်မှာက မိုးစပါးကလည်းပေါ်ဖို့ အများကြီးလိုသေးတယ်။ ဒီကြားထဲ နွေစပါးလည်းမရှိဘူး။ ဒီကြားထဲမှာ ဝယ်ယူစားသုံးမှုကလည်း မြင့်လာနေတော့ ဆန်ဈေးကတော့ ထပ်တက်လာနေအုန်းမှာပါပဲ”ဟု ၎င်းကပြောသည်။

လက်ရှိဈေးကွက်ထဲတွင် ဆန်ဈေးမှာ ၁၀ ရာခိုင်နှုန်းခန့်အထိ ဈေးတက်နေပြီး ဈေးကွက်အတွင်း စပါးရှားပါးမှုအခြေအနေများကြောင့် ယခုထက်ပို၍ဈေးတက်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးခင်မောင်ကြီးကဆိုသည်။

“လက်ရှိ ကုန်သည်တွေလက်ထဲမှာ စပါးတွေက ရှိသင့်သလောက်ရှိနေပေမယ့်လည်း နည်းသွားပြီ။ ဆန်ပေါ်မယ့်ရာသီကလည်းလိုသေးတယ်။ လက်ရှိမှာ ဆန်ဈေးကမြင့်တက်နေတော့ စပါးလုပ်ငန်းရှင်တွေကလည်း ဈေးတင်လာကြမှာပဲ။ ဒီတော့ ဆန်ဈေးကတက်လာအုန်းမှာပါ”ဟု ၎င်းကသုံးသပ်ပြောဆိုသည်။

ယခုနှစ်တွင် မြေဆီ/မြေသြဇာဈေးနှုန်းများမြင့်တက်နေသည့်အတွက် လိုအပ်သည့်ပမာဏအား သုံးစွဲခွင့်မရရှိခြင်း၊ လယ်ယာလုပ်ငန်းကို စွန့်ခွာသူဦးရေများလာခြင်းနှင့် ရာသီဥတုဖောက်ပြန်သည့်အတွက် စပါးခင်းများပျက်စီးခြင်းတို့ကြောင့် လာမည့်စပါးပေါ်ချိန်ကာလတွင်လည်း ဆန်ဈေး ဆက်လက်မြင့်တက်လာနိုင်သေးကြောင်း ဦးခင်မောင်ကြီးက ဆက်လက်ပြောဆိုသည်။

“လောလောဆယ်မှာဆိုရင် ရာသီဥတုက မိုးခေါင်နေတယ်။ ဒီတော့ စပါးတွေက ဖြစ်ဖြစ်မြောက်မြောက်မရှင်သန်နိုင်ကြဘူး။ စိုက်ဧက ငါးဆယ်ရာခိုင်နှုန်းလောက်က ပျက်စီးကုန်တယ်လို့သိရတယ်။ ပြီးတော့ မြေဆီတွေ မသုံးနိုင်တာတွေကြောင့် နောင်နှစ်မှာ ရခိုင်ကစပါးထွက်နှုန်းက သေချာပေါက်ကျနိုင်တယ်။ စပါးအထွက်နှုန်းကျရင် ဈေးကတော့ ထပ်တက်လာနိုင်တာပေါ့”ဟု ၎င်းကပြောသည်။

လက်ရှိကာလမှာ ကိုဗစ်နှင့် နိုင်ငံရေးအကြပ်အတည်းများကြောင့် ပြည်သူများမှာ စားဝတ်နေရေးခက်ခဲနေရသည့်အတွက် အဓိကစားသောက်ကုန်ဖြစ်သော ဆန်ဈေးသာ ဈေးပိုတက်လာမည်ဆိုပါက အခြေခံလူတန်းစားများတွင် အခက်အခဲများစွာဖြစ်ပေါ်လာနိုင်ကြောင်း ရခိုင်လူငယ်တေးရေးဆရာ ကိုညီခိုင်သွီးက ထောက်ပြပြောဆိုသည်။

“ဒီအချိန်မှာ အကုန်လုံးက ကြပ်တည်းနေကြတာ။ ဒီကြားထဲမှာ အဓိကအခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်ဈေးသာ ဒီထက်ပိုတက်လာခဲ့ရင် အခြေခံလူတန်းစားတွေ ဘယ်လိုလုပ်ကြမလဲ။ နိုင်ငံရေး၊ စီးပွားရေး မတည်မငြိမ်ဖြစ်တာနဲ့ အရင်ဆုံး ဒီဒဏ်ကို ဒီအခြေခံလူတန်းစားတွေကပဲ အရင်ခံကြရတာ။ ဒီလူတွေသာ စားဝတ်နေရေးအရမ်းကြပ်တည်းကုန်လာရင် အကုန်လုံးက ပေါက်ကွဲထွက်လာနိုင်တယ်။ ဒီတော့ ဒီကိစ္စအပေါ်သေသေချာချာ ကိုင်တွယ်ဖြေရှင်းဖို့လိုအပ်ပါလိမ့်မယ်”ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ အခြေအနေများကြောင့် တာဝန်ရှိသူများနှင့် ဆန်စပါး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လယ်သမားများအပေါ် ထိရောက်သည့်ကူညီဆောင်ရွက်မှုများ ဆောင်ရွက်ပေးသင့်ကြောင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေသခံများက တိုက်တွန်းပြောဆိုထားကြသည်။

ဗီဒီယိုများ