ရခိုင်တွင် ရဲတပ်ကြပ်တစ်ဦးနှင့် စစ်မှုထမ်းဟောင်းတစ်ဦး ဓားထိုးခံရမှုကြောင့်သေဆုံး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နှင့် ဘူးသီးတောင်မြို့တို့တွင် ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ ၊ နံနက်ပိုင်းက ရဲတပ်ကြပ်ကြီးတစ်ဦးနှင့် စစ်မှုထမ်းဟောင်းတစ်ဦး ဓားထိုးခံရမှုကြောင့် သေဆုံးသွားသည်။

22 Sep 2019

သတင်းအဖွဲ့ | DMG
စက်တင်ဘာ ၂၂၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နှင့် ဘူးသီးတောင်မြို့တို့တွင် ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ ၊ နံနက်ပိုင်းက ရဲတပ်ကြပ်ကြီးတစ်ဦးနှင့် စစ်မှုထမ်းဟောင်းတစ်ဦး ဓားထိုးခံရမှုကြောင့် သေဆုံးသွားသည်။

ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်တွင် ယနေ့နံနက်ပိုင်းက အသက် (၄၈) နှစ်အရွယ် ရဲတပ်ကြပ်ကြီး မောင်လှကို မိမိနေအိမ်ရှေ့တွင် အမည်မသိလူတစ်ချို့က ဓားဖြင့် ထိုးခဲ့သဖြင့် သေဆုံးသွားခြင်းဖြစ်သည်ဟုကျောက်တော်မြို့က အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

“အိမ်ကနေပြီးတော့ထွက်သွားတယ်။ အိမ်ရှေ့တည့်တည့် လမ်းမပေါ်မှာပဲ ဓားထိုးခံရတယ်။ ဘယ်သူလုပ်ကြံတယ်ဆိုတာကိုတော့ ကျွန်တော်တို့လည်းမသိဘူး။ ဓားထိုးဒဏ်ရာတော့ သုံးချက်လို့ပြောသံကြားတယ်။ သူက ဒီမှာဆိပ်ကမ်းမှူးနဲ့တာဝန်ကျနေတာ” ဟု ၎င်းက ဆိုသည်။

ရဲတပ်ကြပ်ကြီးမှာ နောက်ကျောနံရိုး၊ နားထင်တို့တွင် ဓားထိုးဒဏ်ရာရရှိသွားသောကြောင့် ကျောက်တော်မြို့ ဆေးရုံတွင် ခွဲစစ်မှုပြုလုပ်နေစဉ် သေဆုံးသွားခြင်းဟု ဒေသခံများထံက သိရသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းနှင့် ကျောက်တော်မြို့မရဲစခန်းတို့ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေဆိုခြင်းမရှိပေ။

အလားတူ ယနေ့ နံနက်ပိုင်းတွင် ဘူးသီးတောင်မြို့ အမှတ် (၆)ရက်ကွက်တွင်နေထိုင်သည့် စစ်မှုထမ်းဟောင်းတစ်ဦးလည်း အေးစေတီကျောင်းအနီးရှိ ဗျူဟာတောင်ကုန်းအနီးတွင် ဓားထိုးခံရသဖြင့် သေဆုံးသွားသည်ဟု ဘူးသီးတောင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

အသက် (၆၀)နှစ်အရွယ် စစ်မှုထမ်းဟောင်း ဦးသိန်းထွန်းကို ဗျူဟာတောင်ကုန်းရှေ့တွင် လူငယ်နှစ်ဦးက ဓားဖြင့်ထိုးသတ်သွားသည်ဟု အမည်မဖော်လိုသည့် မြို့ခံတစ်ဦးက ပြောသည်။

“ မနက် ၆ နာရီကျော်ခန့်က သူနေတဲ့ အိမ်ကနေ ဆေးဝယ်ဖို့ ထွက်လာတဲ့အချိန်မှာ သူရဲ့ အိမ်လမ်းကြားမှာ အထိုးခံရတာ။ ဒဏ်ရာက နှစ်ချက်လောက်ရှိတယ်” ဟု ၎င်းက ဆိုသည်။

စစ်မှုထမ်းဟောင်းသေဆုံးမှုနှင့်ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်နေကြောင်း ဘူးသီးတောင်မြို့မရဲစခန်းမှ ဒုရဲမှူး သန့်ဇင်ထွန်းက ပြောသည်။

“ မိသားစုတွေ ဝမ်းနည်းနေတဲ့အချိန်ဖြစ်နေတဲ့အတွက် စောင့်ဆိုင်းနေတယ်။ အမှုမှန်ပေါ်ပေါက်ဖို့ အတွက် ဖမ်းဆီးရမိဖို့အတွက် ဆောင်ရွက်နေပါတယ် ” ဒုရဲမှူး သန့်ဇင်ထွန်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေစဉ်ကာလအတွင်း ရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းများနှင့်အရပ်သားများ မကြာခဏ အသတ်ခံရမှုများရှိနေသည်။

ဗီဒီယိုများ