တပ်မတော်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရမှု အရာရှိ၊ စစ်သည်တချို့ ကျဆုံး၊ဒဏ်ရာရရှိ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်နှင့် ကျောက်တော်မြို့နယ်တို့၌ မတ်လ ၁၃ ရက်နေ့က တပ်မတော်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရမှုတွင် မိမိတို့ဘက်က အရာရှိနှင့် စစ်သည်တစ်ချို့ ကျဆုံး၊ဒဏ်ရာရရှိခဲ့ပြီး မော်တော်ယာဉ်တချို့ ထိခိုက်ပျက်စီးခဲ့သည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ယမန်နေ့က သတင်းထုတ်ပြန်သည်။

By ဝင်းညွန့် 16 Mar 2020

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံ

ဝင်းညွှန့် | DMG
မတ် ၁၆ ၊ မြောက်ဦး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်နှင့် ကျောက်တော်မြို့နယ်တို့၌ မတ်လ ၁၃ ရက်နေ့က တပ်မတော်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရမှုတွင် မိမိတို့ဘက်က အရာရှိနှင့် စစ်သည်တစ်ချို့ ကျဆုံး၊ဒဏ်ရာရရှိခဲ့ပြီး မော်တော်ယာဉ်တချို့ ထိခိုက်ပျက်စီးခဲ့သည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ယမန်နေ့က သတင်းထုတ်ပြန်သည်။

မတ် ၁၃ ရက်နေ့က မြောက်ဦးနှင့်ကျောက်တော်မြို့နယ်အတွင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးဆောင်ရွက်ရန်သွားသည့် တပ်မတော်စစ်ကြောင်း (၂)ကြောင်းသည် ပေါင်းတုတ်ကျေးရွာအနီး၊ တိမ်ညိုကျေးရွာအနီးတို့တွင် AA ၏ မိုင်းခွဲတိုက်ခိုက်မှုခံရခြင်း၊ ပစ်ခတ်မှုတို့ကိုခံခဲ့ရသည်။

ထို့ပြင် ကျောက်တော်မြို့နယ်မြောက်ဘက် အပြင်စည်းလုံခြုံရေး ဆောင်ရွက်ရန် ချီတက်နေသည့် တပ်မတော်ယာဉ်တန်းကိုလည်း သာစည်ကျေးရွာအနီး၌ AA က ရီမုမိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက် ခိုက်ခြင်း၊ ပစ်ခတ်မှုတို့ကိုပြုလုပ်ခဲ့သည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ထိုဖြစ်စဉ်များတွင် တပ်မတော် စစ်ကြောင်းများက မလွှဲမရှောင်သာ ပြန်လည်ပစ်ခတ်ခဲ့သည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။

တပ်မတော်ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက “ကျွန်တော်တို့က သူတို့ ကိုပစ်တာ။ သူတို့ကို ပစ်တော့ ကျွန်တော်တို့ကိုလည်း ပြန်ပစ်ပေါ့။ အခုကနေပြီးတော့ ပစ်ခတ်ခံရတဲ့နေရာမှာ မပစ်၊ပြီးတော့ သူတို့က ထွက်ပြေးသွားတယ်။ ထွက်ပြေးသွားပြီးမှ လမ်းမှာတွေ့သမျှ ရခိုင်ရွာတွေကိုပဲ သူတို့ပစ်ခတ်တာ”ဟု ဆိုသည်။

AA သည် အရပ်သားများအသွင်ယူ၍ ကျေးရွာများနှင့်စစ်ဘေးရှောင် စခန်းများတွင်ရောနှောနေထိုင်ပြီး တပ်မတော် အုပ်ချုပ်မှုယာဉ်တန်းများ၊ ရိက္ခာပို့ရေယာဉ်များ၊ စီမံကိန်းပစ္စည်းပို့ ရေယာဉ်များအပြင် ရဲစခန်းများနှင့် ရဲတပ်ရင်းများအား မိုင်းထောင်ခြင်း၊ မိုင်းဆွဲ တိုက်ခိုက်ခြင်းများ စသည့် လုပ်ရပ်များလုပ်ဆောင်သည်ဟုလည်း တပ်မတော်က ထုတ်ပြန်သည်။

ယင်းအပြင် AA သည် ရခိုင်ပြည်နယ်အတွင်းရှိ ဆက်သွယ်ရေးကားလမ်းကြောင်းတစ်လျှောက် ကုလသမဂ္ဂ လက်အောက်ခံ ထောက်ပံ့ရေး အဖွဲ့အစည်းအသီးသီးအပါအဝင် တပ်မတော် ယာဉ်တန်းများအား မိုင်းထောင် ဖောက်ခွဲ တိုက်ခိုက်ခြင်းများ ပြုလုပ်သည်ဟုလည်း တပ်မတော်က ထုတ်ပြန်ထားသည်။

ခိုင်သုခက “ မြန်မာ့စစ်တပ်ရဲ့ ထုတ်ပြန်ချက်က ဒါဟာ လက်ခံနိုင်စရာမရှိတဲ့ ကိစ္စဖြစ်တယ်။ မြန်မာ့စစ်တပ်ရဲ့ စစ်ယာဉ်တန်းကို ပစ်ခတ်တယ်ဆိုတာ ဟုတ်တယ်။ ရန်သူပဲ။ ကျွန်တော်တို့ ပစ်မှာပေါ့။ ဒါပေမဲ့ သူတို့စွပ်စွဲထား သလို ဘယ်ကုလသမဂ္ဂ အဖွဲ့ကိုမှ တစ်ခါမှ ပစ်ခတ်တာမရှိဘူး။ ဒါဟာ စွပ်စွဲတာဖြစ်တယ်” ဟု တုန့်ပြန်သည်။

မတ်လ ၁၃ ရက်နေ့တွင် တပ်မတော်ယာဉ်တန်းမှ ပစ်ခတ်မှုကြောင့် မြောက်ဦးမြို့နယ်၊ တိမ်ညို၊ ပေါင်းတုတ်၊ တောင်ဦး ၊ ကျောက်တော်မြို့နယ်၊ သာစည်၊ သိန်းတန်ကျေးရွာတို့မှ အရပ်သား (၃)ဦးသေဆုံးသွားပြီး အရပ်သား (၃၀)ဦး ဒဏ်ရာရရှိသွားသည်ဟု မိသားစုဝင်များနှင့်ဒေသခံများက ပြောသည်။ ဒဏ်ရာရရှိသူများအနက် သုံးဦးမှာ ဆေးကုသနေစဉ် သေဆုံးသွားသည်။

ယင်းဖြစ်စဉ်အတွင်း အရပ်သားထိခိုက်မှုများနှင့်ပတ်သက်ပြီး တပ်မတော်၏ ထုတ်ပြန်ချက်တွင် တစ်စုံတစ်ရာ ဖော်ပြထားခြင်းမရှိပေ။ ဒေသခံများ၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ်များကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ဗီဒီယိုများ