စစ်ဘေးရှောင်များထောက်ပံ့မည့် ဆန်အိတ် ၆၀၀ ခန့်အား တပ်မတော်မှ ယူဆောင်သွားဟုဆို

မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်များအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးထားသည့် ဆန်အိတ် ၆၀၀ ခန့်အား ယနေ့နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းအချိန်တွင် တပ်မတော်သားများက ယူဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

By မျိုးသီရိကျော် 10 Nov 2020

မျိုးသီရိကျော် | DMG
နိုဝင်ဘာ ၁၀ ၊ မြောက်ဦး

မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်များအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးထားသည့် ဆန်အိတ် ၆၀၀ ခန့်အား ယနေ့နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းအချိန်တွင် တပ်မတော်သားများက ယူဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဆန်အိတ် ၆၀၀ ခန့်မှာ တိမ်ညိုစစ်ဘေးရှောင်ဦးရေ ၃၀၀၀ ကျော်အတွက် မြောက်ဦးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးထားခြင်းဖြစ်ကာ ယင်းဆန်အိတ်များကို တိမ်ညိုရွာသစ် ဘုန်းတော်ကြီးကျောင်းတွင် ယာယီထိန်းသိမ်းထားခြင်းဖြစ်‌ကြောင်း တိမ်ညိုရွာသစ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေလှအောင်က DMG သို့ပြောသည်။

“၉ လပိုင်း ဒုတိယအဖြတ်အတွက် ဒီလ ၂ ရက်နေ့ ကတည်းကနေ စစ်ဘေးရှောင်တွေကို ပေးရမှာဖြစ်တယ်။ ဒါပေမယ့် တပ်မတော်သားတွေ ရွာထဲကိုဝင်နေတဲ့အတွက် မပေးဖြစ်ခဲ့ဘူး။ ဒီနေ့မနက် ၇ နာရီလောက်က ဘုန်းတော်ကြီးကျောင်းကိုဝင်ပြီး ကားတစ်စီးနဲ့ယူသွားတယ်” ဟု ၎င်းကရှင်းပြသည်။

စစ်ဘေးရှောင်များမှာ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရချိန် ယခုကဲ့သို့ ထောက်ပံ့‌ပေးထား‌သော ဆန်များကို ယူဆောင်သွားခြင်းမှာ စစ်ဘေးရှောင်များအတွက် စားဝတ်နေရေးပိုပြီးအခက်အခဲဖြစ်လာမည်ဟု အုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။

တိန်ညိုကျေးရွာအတွင်း တပ်မတော်သားများ ဝင်ရောက်နေခြင်းကြောင့် ဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြပြီး သက်ကြီးပိုင်းများသာကျန်နေခဲ့ကြောင်း တိမ်ညိုကျေးရွာမှ လုံခြုံရေးအရ အမည်မဖော် လိုသည့် ဒေသခံတစ်ဦးကပြောသည်။

“တပ်မတော်သားတွေက တိမ်ညိုရွာမှာ လုံခြုံရေးချပြီး နေကြတယ်။ ရွာကလူတွေ အကုန်လုံးနီးပါး ရှောင်နေ ကြတယ်။ ဖမ်းဆီးခံရရင်လည်း အသတ်ခံရတာတွေရှိတော့ ရွာသားတွေလည်းစိုးရိမ်ပြီး တိမ်းရှောင်နေရတယ်” ဟု ၎င်းကဆိုသည်။

တိမ်ညိုစစ်ဘေးရှောင်များအား အောက်တိုဘာလအတွက် ဆန် ၁၀၂၃ အိတ်ထောက်ပံ့ခဲ့ပြီး လက်ရှိ ဆန်အိတ်များကို တပ်မတော်သားများယူဆောင်သွားခြင်းနှင့်ပတ်သက်ပြီး အတိအကျမသိရသေးကြောင်း မြောက်ဦးခရိုင် ဘေး/စီမံဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“ကျနော်တို့အနေနဲ့ ပြောသံကြားပါတယ်။ ဒါပေမဲ့ အတိအကျတော့ မသိရသေးဘူး။ လိုင်းလည်းမရှိ အင်တာနက်လည်းမရှိဘူး၊ ဘာမှမသိရဘူး။ မနက်ပိုင်းလောက်ကတော့ ကားလမ်းပိတ်နေတယ်လိုတော့ သိလိုက်ပါတယ်” ဟု ၎င်းကပြောသည်။

တိမ်ညိုစစ်ဘေးရှောင်စခန်း၌ အိမ်ထောင်စု ၈၇၅ စု၊ လူဦးရေ သုံးထောင်ကျော် ခိုလှုံနေထိုင်လျက်ရှိသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းရန် မြောက်ဦးမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကို ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

တိမ်ညိုဘုန်းတော်ကြီးကျောင်းမှ ဆန်အိတ်များကို တပ်မတော်သားများယူဆောင်သွားခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ရဲရင့်အောင်အား DMG မှ အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ပေ။

ဗီဒီယိုများ