ကျောက်တန်းပစ်ခတ်မှုဖြစ်ပွားပြီး ဆေးကုသခံယူရင်း ကွယ်လွန်သူ ဦးအောင်လင်းကျော်၏ဇနီး ကလေးမွေးဖွားကာ အကူညီလိုအပ်နေ

ကျောက်တန်းကျေးရွာ ပစ်ခတ်မှုနောက်ပိုင်း ဒဏ်ရာရရှိကာ စစ်တွေမှ ရန်ကုန်သို့ ပို့ဆောင်ပြီး ဆေးဝါးကုသမှု ခံယူနေစဉ် သေဆုံးသွားသည့် ကျောက်တန်းကျေးရွာသား ဦးအောင်လင်းကျော်၏ ဇနီးမှာ ကလေးမွေးဖွားနေ သဖြင့် အကူအညီများ လိုအပ်နေသည်။

28 May 2019

ချလူးအောင် |DMG

မေ ၂၈၊ စစ်တွေ

ကျောက်တန်းကျေးရွာ ပစ်ခတ်မှုနောက်ပိုင်း ဒဏ်ရာရရှိကာ စစ်တွေမှ ရန်ကုန်သို့ ပို့ဆောင်ပြီး ဆေးဝါးကုသမှု ခံယူနေစဉ် သေဆုံးသွားသည့် ကျောက်တန်းကျေးရွာသား ဦးအောင်လင်းကျော်၏ ဇနီးမှာ ကလေးမွေးဖွားနေ သဖြင့် အကူအညီများ လိုအပ်နေသည်။

ဦးအောင်လင်းကျော်၏ဇနီးမှာ ခင်ပွန်းဖြစ်သူ သေဆုံးစဉ်က ကိုယ်ဝန်အရင့်အမာဖြင့် ကျန်ခဲ့ပြီး မေလ ၂၁ ရက်နေ့က ကလေးမွေးဖွားခဲ့ခြင်းဖြစ်သည်။ ယင်းအပြင် မူလတန်းအရွယ် ကလေးငယ်တစ်ဦးနှင့် တက္ကသိုလ်ဝင်းတန်းတက်ရောက်မည့် သား ၂ ရှိနေသည့်အတွက် အခက်အခဲ အလွန်ဖြစ်ပေါ်နေကြောင်း ကျောက်တန်းကျေးရွာသား ဦးမောင်သာပျော့ကပြောသည်။

"လင်မရှိတဲ့နောက်မှာ သူတို့မိသားစုက အခက်အခဲတွေဖြစ်လာတာပေါ့။ သားအကြီးက ဒီနှစ် ဆယ်တန်းတက်မှာ။ နောက်သားတစ်ဦးကတော့ မူလတန်းအရွယ်ပါ။ မွေးဖွားလို့ ပြီးတာ ၆ ရက်သာရှိပါသေးတယ်။ အလုပ်လုပ်ဖို့ လူကလည်းမရှိဆိုတော့ အကူအညီတွေကတော့ လိုအပ်တာပါပဲ။ လင်မရှိရင် အလုပ်လုပ်မဲ့သူမရှိတောဘူးလေ သားကလည်း ဆယ်တန်းတက်မှာဆိုတော ငွေက လိုအပ်တယ် ။ ကျောင်းထွက်လိုက်ရင်လည်း ကလေးအတွက်ပညာရေး ဆုံးရှုံးသွာမယ် အခက်အခဲက အများကြီး တွေ့လာနိုင်တယ်”  ဟု ပြောသည်။

ယင်းအပြင် ဦးအောင်လင်းကျော်၏ မိသားစုဝင်များကို ကျေးရွာသားများက တတ်နိုင်သလောက် အကူညီပေးလိုကြ သော်လည်း ကျေးရွာအတွင်း ယခင်ကကဲ့သို့ လူမရှိတော့သလို ကျောက်တန်းကျေးရွာကို ဖြတ်ပြီး မသွားမလာရဲ ကြသည့် အခြေအနေကြောင့် အခက်အခဲများ ရှိနေကြောင်းလည်း ၎င်းကဆိုသည်။

ကျောက်တန်းကျေးရွာတွင် ဧပြီလ ၃၀ ရက်နေ့က စပြီး ကျေးရွာသား ၂၇၅ ဦးတို့ကို တပ်မတော်မှ ခေါ်ယူစစ်ဆေးနေစဉ် မေလ ၂ ရက်နေ့ညတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ ထိုပစ်ခတ်မှုကြောင့်  လူ ၆ ဦးသေဆုံးကာ ၈ ဦးဒဏ်ရာရရှိခဲ့ပြီး ဦးအောင်လင်းကျော်မှာ ဒဏ်ရာပြင်းထန်သဖြင့် ရန်ကုန်သို့ ပို့ဆောင်ကာ ဆေးဝါးကုသမှုခံယူနေစဉ် ထပ်မံ သေဆုံးခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုများ