ကျောက်ဖြူမြို့နယ်တွင် ဓားပြမှုဖြင့် လူ ၃ ဦးကိုအမှုဖွင့်ထား

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ပျားတဲကျေးရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့က ဓားပြမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ၎င်းဖြစ်စဉ်တွင် သံသယရှိသူ ၃ ဦးကိုဖမ်းဆီးပြီး အမှုဖွင့်လှစ်ထားကြောင်း ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

By ခိုင်မင်း(ကျောက်ဖြူ) 02 Dec 2019

ခိုင်မင်း(ကျောက်ဖြူ) | DMG
ဒီဇင်ဘာ ၂ ၊ ကျောက်ဖြူ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ပျားတဲကျေးရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့က ဓားပြမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ၎င်းဖြစ်စဉ်တွင် သံသယရှိသူ ၃ ဦးကိုဖမ်းဆီးပြီး အမှုဖွင့်လှစ်ထားကြောင်း ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဓားများကိုင်ဆောင်ပြီး မျက်နှာဖုံးထားသည့် အမည်မသိလူ ၄ ဦးသည် ယင်းနေ့ ညဉ့် ၁ နာရီကျော်အချိန်တွင် ပျားတဲကျေးရွာရှိ ဦးဖြူနုအောင်၏ နေအိမ်ပေါ်သို့တက်ကာ ၎င်း၏ယောက္ခမဖြစ်သူ ဦးစိန်လှအောင်အား ဆွဲခေါ်သွားသဖြင့် မိသားစုဝင်များ လန့်နိုးလာရာ မျက်နှာဖုံးအုပ်ထားသူများက မအော်ရန် ခြိမ်းခြောက်ပြောဆိုသွားခဲ့ကြောင်း ဦးဖြူနုအောင်က ရဲစခန်းတွင် ထွက်ဆိုထားသည်။

ဦးဖြူနုအောင်မှာ ကြောက်ကြောက်လန့်လန့်ဖြင့် နေအိမ်ပေါ်မှခုန်ဆင်းပြီး အမှောင်ရိပ်တစ်နေရာမှ ချောင်းကြည့်နေစဉ် ၎င်း၏နေအိမ်အောက်တွင် တစ်ရွာတည်းနေ ဦးလှသိန်းနှင့် မောင်မြင့်အောင် တို့ကို မြင်တွေ့ခဲ့ရသည်ဟု ဆိုသည်။

၎င်းတို့အားလုံးထွက်သွားပြီးနောက် အိမ်အတွင်းသို့ ပြန်ဝင်လာရာ ပစ္စည်းများ ပြန့်ကြဲနေသည်ကို တွေ့ရသဖြင့် စစ်ကြည့်ရာ ပလက်စတစ်ပုံးအတွင်း ထည့်ထားသည့် တစ်သောင်းတန်ငွေစက္ကူ သိန်း ၃၀ ၊ (၁)ကျပ်ခွဲရှိ ရွှေဆွဲကြိုးနှစ်ကုံး၊ (၃)မတ်သားခန့်ရှိ ရွှေလက်ကောက် ၂ ကွင်း စုစုပေါင်း ကာလတန်ဖိုး သိန်း ၉၀ ခန့် ပျောက်ဆုံးသွားကြောင်း ဦးဖြူနုအောင်က ဆိုသည်။

မျက်နှာဖုံးထားသည့် အမည်မသိလူ ၄ ဦး ခေါ်ဆောင်သွားသည့် ဦးဖြူနုအောင်၏ ယောက္ခဖြစ်သူ ဦးစိန်လှအောင်ကို ပြန်လည်လွှတ်ပေးခဲ့သည်။

ယင်းဖြစ်စဉ်ပတ်သက်ပြီး နေအိမ်အောက်တွင် မြင်တွေ့ခဲ့ရသည့် ဦးလှသိန်းအပါအဝင် ၆ ဦးတို့ကို ဦးဖြူနုအောင်က တရားလိုလုပ်ကာ ကျောက်ဖြူမြို့မ ရဲစခန်းတွင် တိုင်တန်းခဲ့သဖြင့် ပျားတဲကျေးရွာမှ ဦးလှသိန်း၊ ကိုစိုးလင်း(ခ) ရဲရင့်နိုင်၊ ကိုသန့်ဇော်တို့ကို ကျောက်ဖြူမြို့မရဲစခန်းတွင် (ပ)၅၇၁ /၁၉ ၊ ရာဇသတ်ကြီးပုဒ်မ (၃၉၅)အရ အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

“ဖြစ်စဉ်ကတော့ဟုတ်ပါတယ်။ မသင်္ကာသူ(၃)ဦးကို ခေါ်ယူစစ်ဆေးနေပါတယ်၊ လက်ရှိစစ်ဆေးနေဆဲ ဖြစ်ပါတယ်” ဟု ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မော်က ပြောသည်။

ဖမ်းဆီးစစ်ဆေးခံနေရသူများထဲတွင် ပါဝင်သည့် ကိုစိုးလင်းဆိုသူမှာ အခင်းဖြစ်ပွားသည့်နေ့က နေအိမ်တွင်ရှိနေပြီး မနက်ပိုင်းတွင် ရဲတပ်ဖွဲ့က စစ်ဆေးစရာရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဖခင်ဖြစ်သူ ဦးစောမောင်နုက ဆိုသည်။

“ကျနော့်သားက ကျနော်နဲ့အတူအိပ်တာပါ။ အဲဒီလိုပြဿနာဖြစ်တာကို ကျနော့်သားက ဘာမှမသိဘူး၊ ကျနော်လည်းမသိဘူး။ ရွာနဲ့ဆိုရင် ကျနော်တို့နေတဲ့အိမ်နဲ့က (၂)မိုင်လောက်ဝေးတယ်။ ကျနော့်သားကို ရဲကလာခေါ်တဲ့အခါလည်း စစ်ဆေးစရာရှိလို့ဆိုပြီးခေါ်တယ်။ ညနေကျရင်ပြန်လွတ်ပေးမယ်ဆိုလို့ ကျနော်ကိုယ်တိုင် လိုက်သွားတာ၊ ဟိုရောက်တော့တွေ့ခွင့်မရဘူး” ဟု ဦးစောမောင်နုက ပြောသည်။

ယခုအမှုတွင် ဆက်စပ်သူများကိုလည်း ဖမ်းဆီးရမိရေးအတွက်ဆောင်ရွက်လျက်ရှိကြောင်း ကျောက်ဖြူမြို့နယ် ရဲစခန်မှ သိရသည်။

ဗီဒီယိုများ