ရခိုင်ပြည်ဖွံ့ဖြိုးရေးအတွက် ငွေကျပ် ၁၀ ဘီလီယံခွင့်ပြုထားကြောင်း စစ်ကောင်စီဥက္ကဌပြော

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး မတည်ရန်ပုံငွေမှ ထောက်ပံ့ငွေ ကျပ် ၁၀ ဘီလီယံခွင့်ပြုထားကြောင်း ယနေ့ (ဒီဇင်ဘာ ၁၅ ) ကျရောက်သည့် (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

By Admin 15 Dec 2022

ရခိုင်ပြည်ဖွံ့ဖြိုးရေးအတွက် ငွေကျပ် ၁၀ ဘီလီယံခွင့်ပြုထားကြောင်း စစ်ကောင်စီဥက္ကဌပြော

စစ်တွေမြို့တွင်း အခြေခံအလုပ်သမားများကို တွေ့ရစဉ်။

DMG | ဒီဇင်ဘာ ၁၅

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး မတည်ရန်ပုံငွေမှ ထောက်ပံ့ငွေ ကျပ် ၁၀ ဘီလီယံခွင့်ပြုထားကြောင်း ယနေ့ (ဒီဇင်ဘာ ၁၅ ) ကျရောက်သည့် (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီး ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ တိုးတက်ရေးလုပ်ငန်းများကို ကဏ္ဍအလိုက် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေကြောင်းလည်း သဝဏ်လွှာက ဆိုသည်။

“ ခေတ်အဆက်ဆက် အစိုးတွေဟာ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်ပေးခဲ့ပါတယ်။ တပ်မတော်အစိုးရလက်ထက်မှာ ရခိုင်ပြည်နယ်ကို အခြားဒေသတွေထက် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျ မကျန်ရစ်စေရန် လမ်းပန်းဆက်သွယ်ရေးကဏ္ဍကို အထူးအလေးထား ဆောင်ရွက်နေပါတယ်” ဟု စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောဆိုသည်။

ယင်းအပြင် ရခိုင်ပြည်နယ်သည် ရေခံမြေခံကောင်းမွန်သော သဘာဝ ပထဝီဝင်အနေအထားကြောင့် ဆန်ရေးစပါးသားငါးနှင့် အဖိုးတန် သဘာဝထွက်ကုန်များ ထွက်ရှိသည့် ဒေသတခုလည်းဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဝဏ်လွှာမှ တစ်ဆင့် ချီးကျူးထားသည်။

သို့သော်လည်း ၎င်းပြောသည့် ငွေကျပ် ၁၀ ဘီလီယံ ကိစ္စမှာ ရခိုင်ပြည်သူများကို ပွင့်လင်းမြင်သာအောင် ချပြခြင်း မရှိသလို မည်သည့်နေရာတွင် အသုံးပြုထားကြောင်းကို ပြည်သူများရှင်းရှင်းလင်းလင်း မသိရသည့်အတွက် ဝေဖန်မှုများရှိနေသည်။

ဝါရင့် ရခိုင်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “ ရခိုင်မှာ အစိုးရဆီက ထောက်ပံ့ငွေတွေကို ဘယ်နေရာတွေမှာ အသုံးပြုထားတယ်ဆိုတာကိုတော့ အခုချိန်ထိ မတွေ့ရသေးဘူ။ မွေးမြူရေးကဏ္ဍမှာ ဘယ်လောက်၊ ရေလုပ်ငန်းမှာ ဘယ်လောက်၊ တခြား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းမှာ ဘယ်လောက်ထိ အသုံးပြုထားတယ်ဆိုတာကိုတော့ မသိဘူး။ ကျနော်တို့ကိုယ်တိုင် မသိတာလား။ သိသာအောင် ပွင့်ပွင့်လင်းလင်း မလုပ်ကြတာလားတော့ မပြောတတ်ဘူး ” ဟု ဝေဖန်သည်။

ထို့အတူ ရခိုင်အတွက် ပေးထားသည့် အဆိုပါငွေများကို ပြည်ထောင်စုသို့ ပြန်လည်ပေးဆပ်ရန် မလိုဘဲ ပြည်နယ်အတွင်း စဉ်ဆက်မပြတ် လည်ပတ်အသုံးပြုနိုင်ရန် သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအတွက် ပေးထားခြင်းဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

ယင်းအပြင် ရခိုင်ပြည်နယ်သည် သဘာဝပထဝီဝင် အနေအထားအရ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းနှင့် လက်နက်ကိုင် ပဋိပက္ခများကြောင့် ဖွံ့ဖြိုးရေးပိုင်းတွင်လည်း အဟန့်အတားဖြစ်ကာ တခြားပြည်နယ်များနှင့် နှိုင်းစာလျှင် နောက်ကျကျန်ခဲ့သည့်အတွက် ၎င်းတို့အား အကောင်းဆုံးဖြေရှင်းရန် ဆောင်ရွက်လျက်ရှိကြောင်း သဝဏ်လွှာတွင် ပါရှိသည်။

သို့သော်လည်း လက်ရှိ ရခိုင်မှာ ပြည်ပမှ ကုန်ပစ္စည်းများ သယ်ယူရာတွင် လွတ်လပ်စွာ သွားလာခွင့်မရဘဲ ကန့်သတ်မှုများရှိကြောင်းနှင့် (နယ်လုံ) ခွင့်ပြုချက်ပါမှသာ သယ်ယူနေသည့်အတွက် ရခိုင်ပြည်တွင်းတွင် စီးပွားရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေကြောင်း ပြောဆိုသည့်အပေါ် ရခိုင်နိုင်ငံရေးသမားများက မေးခွန်းထုတ်နေကြသည်။

ရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှ က “ အမှန်တကယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရှိ၊မရှိဆိုတာကို ပါးစပ်နဲ့ ပြောနေလို့မရဘူး။ အခုလက်ရှိ ရခိုင်ပြည်နယ်က လူတွေဟာ ကိုယ့်စားဝတ်နေရေး၊ အလုပ်ကိုင်တွေ၊ လမ်းပန်းဆက်သွယ်ရေးတွေ အများကြီး ဆုံးရှုံးနေကြတယ်။ အလုပ်လက်မဲ့ ဖြစ်နေတဲ့သူတွေ အများကြီးရှိတယ်။ ဝင်ငွေ၊ ထွက်ငွေ မညီမျှတဲ့အတွက် ရခိုင်ပြည်အတွင်းက လူငယ်တွေဟာ တခြားနိုင်ငံတွေကို အလုပ်လုပ်ကိုင်ဖို့ အများကြီး ထွက်သွားကြတယ်။ ဒီလိုအနေထားမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်နေတယ်ဆိုတာကိုတော့ မေးခွန်းအများကြီး ထုတ်စရာဖြစ်လာတယ် ” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့နှစ်ဖက် နားလည်မှုဖြင့် အပစ်ခတ်ရပ်စဲထားပြီးနောက် ကုန်းလမ်း၊ ရေလမ်းများကို စစ်ကောင်စီက ပြန်လည်သွားလာခွင့်ဘပေးထားသော်လည်း လွတ်လပ်စွာ သွားလာခွင့်မရသေးဘဲ ကုန်ပစ္စည်းများ သယ်ယူသည့်အခါ ကန့်သတ်ခံနေရသေးသည်။

ထိုကန့်သတ်ချက်များကြောင့် တပိုင်တနိုင် စီးပွားရေးလုပ်ငန်းရှင်များ၊ လက်လုပ်လက်စား ဒေသခံများမှာ အခက်အခဲများစွာနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။

ထို့အတူ ယခုအပစ်ရပ်ကာလတွင်လည်း စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးနေသည့် NGO/INGO များကိုလည်း သွားလာရေး ကန့်သတ်ထားသည့်အတွက် စစ်ဘေးရှောင်များမှာ အခက်အခဲမျိုးစုံနှင့် ကြုံတွေ့နေရသည်။

ဗီဒီယိုများ