ကုန်စည်ပြပွဲမှတစ်ဆင့် ဈေးကွက်များရရှိအောင် ကြိုးပမ်းကြရန် ရခိုင် MSME လုပ်ငန်းရှင်များကို ပြည်နယ်စစ်ကောင်စီ တိုက်တွန်း

ရခိုင်ပြည်၊ စစ်တွေမြို့တွင် သုံးရက်တိုင်တိုင် ပြုလုပ်နေသည့် ဒေသထွက် ကုန်စည်ပြပွဲမှတစ်ဆင့် ဈေးကွက်အခွင့်အလမ်းများ ရရှိအောင် ကြိုးပမ်းကြရန် ရခိုင်ပြည်တွင်း အသေးစား၊ အလတ်စား၊ အငယ်စား (MSME) လုပ်ငန်းရှင်များအား ပြည်နယ်စစ်ကောင်စီက တိုက်တွန်းပြောဆိုလိုက်သည်။

By Admin 14 Dec 2022

ကုန်စည်ပြပွဲမှတစ်ဆင့် ဈေးကွက်များရရှိအောင် ကြိုးပမ်းကြရန် ရခိုင် MSME လုပ်ငန်းရှင်များကို ပြည်နယ်စစ်ကောင်စီ တိုက်တွန်း

စစ်တွေတွင် ကျင်းပနေသည့် MSME ထုတ်ကုန်ပြပွဲနှင့်‌ ရောင်းချပွဲအား တွေ့ရစဉ်

DMG | ဒီဇင်ဘာ ၁၄

ရခိုင်ပြည်၊ စစ်တွေမြို့တွင် သုံးရက်တိုင်တိုင် ပြုလုပ်နေသည့် ဒေသထွက် ကုန်စည်ပြပွဲမှတစ်ဆင့် ဈေးကွက်အခွင့်အလမ်းများ ရရှိအောင် ကြိုးပမ်းကြရန် ရခိုင်ပြည်တွင်း အသေးစား၊ အလတ်စား၊ အငယ်စား (MSME) လုပ်ငန်းရှင်များအား ပြည်နယ်စစ်ကောင်စီက တိုက်တွန်းပြောဆိုလိုက်သည်။

၄၈ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ စစ်တွေမြို့ ခိုင်သဇင်ပန်းခြံတွင် ကျင်းပနေသည့် ရခိုင်ပြည်နယ် MSME ထုတ်ကုန်ပြပွဲနှင့်‌ ရောင်းချပွဲအခမ်းအနားတွင် ရခိုင်ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်၏ အဖွင့်အမှာစကားပြောရာတွင် ယခုကဲ့သို့ ထည့်ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျတော်တို့ ရခိုင်ပြည်နယ်မှာ MSME ဒေသထွက်ကုန်စည်ပြပွဲ၊ ဈေးရောင်းချပွဲကို ဆိုင်ခန်းပေါင်း ၅၁ ခန်းနဲ့ ခင်းကျင်းပြသထားပါတယ်။ အခုပြပွဲကတစ်ဆင့် MSME လုပ်ငန်းရှင်တွေဟာ ဒေသတွင်းမှာရှိတဲ့ လုပ်ငန်းအချင်းချင်း ချိတ်ဆက်ပြီး ဈေးကွက်အခွင့်အလမ်းများရယူနိုင်ကာ အရည်အသွေးရှိတဲ့ လုပ်ငန်းများ ဖြစ်လာအောင် ဆက်လက်ကြိုးပမ်းကြပါလို့ တိုက်တွန်းလိုပါတယ်”ဟု သူက ပြောသည်။

ယခုကဲ့သို့ MSME ထုတ်ကုန်ပြပွဲနှင့်‌ ရောင်းချပွဲများကို ပြုလုပ်လာခြင်းသည် MSME လုပ်ငန်းများအတွက် များစွာအကျိုးရှိကာ လူထုစိတ်ဝင်စားမှုများလည်း ရှိလာကြောင်း အိုးသူကြီး ရခိုင်ဒေသထွက် စားသောက်ကုန်လုပ်ငန်း အရောင်းပြခန်းမှ လုပ်ငန်းရှင် ဉီးတင်ငြိမ်းဦးက ပြောသည်။

“ အခုလို ပြပွဲတွေ လုပ်လာတဲ့အခါ လူထုစိတ်ဝင်စားမှုတွေလည်း ရှိလာတယ်။ ဒေသအတွင်းမှာ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေရဲ့ အဆင့်အတန်းတွေကိုလည်း လူအများရှေ့မှာ ပြသခွင့်ရတဲ့ ပြပွဲဖြစ်လာတာက ကျနော်တို့ ရဲ့ လုပ်ငန်းတွေအတွက် အများကြီးအကျိုးဖြစ်တယ်” ဟု သူက ဆိုသည်။

ယင်းအပြင် ယခုကျင်းပနေသည့် MSME ပြပွဲမှာ ရခိုင်ပြည်အနှံ့အပြားက ဒေသထွက်ကုန်ပစ္စည်းများကို တစ်နေရာတည်းတွင် အစုံအလင်ရှိနေသဖြင့် ပြည်သူများမှာလည်း စိတ်ဝင်တစား လာရောက်ကြည့်ရှုမှုများရှိနေကြောင်း ပါဝင်ဆင်နွှဲနေသည့် MSME လုပ်ငန်းရှင်များထံမှ သိရသည်။

“ကိုယ့်ဘာသာ ရောင်းတုန်းကတော့ ဆိုင်သမားတွေ အနည်းအကျဉ်းလောက်ပဲ ရောင်းရတာပေါ့။ အခုလိုပြပွဲမှာ ပါဝင်ဖြစ်တဲ့အခါကျတော့ အနယ်နယ်အရပ်ရပ်က ဒေသခံတွေလာကြတယ်။ သူတို့တွေ စိတ်ဝင်စားရင် လာမေးကြတယ်။ ကျမတို့ ဈေးရောင်းတဲ့သူတွေကလည်း စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးတော့ မိတ်ဆွေရတာပေါ့ ” ဟု ဆံပင်အားဖြည့်ဆီ ရောင်းချနေသည့် မခင်ခင်စန်းက ပြောသည်။

လက်ရှိ စစ်တွေမြို့တွင် ကျင်းပနေသည့် MSME ပြပွဲတွင် ရခိုင်ပြည်အတွင်းက မြို့နယ်အနှံ့မှ လုပ်ငန်းရှင်များ၏ ဒေသထွက် ရက္ကန်းနှင့် အဝတ်အထည်ပစ္စည်းများ၊ စားသောက်ကုန်များ၊ အလှကုန်ပစ္စည်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသုံးပစ္စည်းများ၊ အဖျော်ယမကာများ စသဖြင့် ဆိုင်ခန်း (၅၁) ခန်း ရှိကြောင်း သိရသည်။

အဆိုပါ MSME ထုတ်ကုန်ပြပွဲနှင့်‌ ရောင်းချပွဲအခမ်းအနားတွင် ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့မှစတင်ကာ ဒီဇင်ဘာလ ၁၆ ရက်နေ့အထိ သုံးရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဗီဒီယိုများ