တစ်ပတ်အတွင်း ရခိုင်သတင်းများ

မေလ ၁ ရက် မှ ၇ ရက်နေ့အထိ သတင်းစုစည်းမှုအကျဉ်း

10 May 2021


(မေ ၃)
> ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပိန္နဲတောကျေးရွာအနီးတွင် မေလ ၃ ရက်နေ့ နံနက် ၇ နာရီအချိန်က မိုင်းပေါက်ကွဲမှုဖြစ်ပွား၍ အဆိုပါကျေးရွာမှ အသက် ၆၂ နှစ်အရွယ် ဦးခင်မောင်အေးမှာ မိုင်းထိမှန်သေဆုံးသွားခဲ့သည်။
> စစ်တပ်မှာအာဏာသိမ်းပြီးနောက်ပိုင်း  တစ်နိုင်ငံလုံးတွင် အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒပြမှုများရှိနေသဖြင့် ရခိုင်တိုင်းရင်းသားများအပါအဝင် တစ်ခြားသောတိုင်းရင်းသားများမှာ မိမိနေရပ်များသို့ ပြန်လာကြသော်လည်း ကမန်တိုင်းရင်းသားတချို့မှာ နေရပ်မပြန်နိုင်ဘဲ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
> မာန်အောင်မြို့နယ်တွင် ယခင်က ကျေးရွာအုပ်စုတစ်ခုလျင် လူ ၃၀ ဦးဖြင့် ပြည်သူ့စစ်ကို ဖွဲ့စည်းပေးခဲ့သော်လည်း လက်ရှိတွင် အဖွဲ့ဝင်တချို့ သေဆုံးမှုများရှိသဖြင့် အစားထိုးနိုင်ရန်နှင့် ပြည်သူ့စစ်ပြန်လည်ဖွဲ့စည်းနိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ လူစာရင်းကောက်ယူလျက်ရှိသည်။
> ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ စစ်တပ်မှ အာဏာသိမ်းယူခဲ့ပြီးနောက် မြန်မာနိုင်ငံ၏အကြီးဆုံး ဒီရေတောဖြစ်သော ဝန်ဖိုက်ဒီရေတောတွင် သစ်များပိုမိုအခုတ်ခံလာရသည်ကို တွေ့မြင်မိကြောင်း ရမ်းဗြဲမြို့ဒေသခံများက ပြောဆိုကြသည်။
> စစ်တွေမြို့ ကုန်တန်းရပ်ကွက်ရှိ စစ်ကဲတော်မင်းကျောင်းတိုက်အတွင်း၌ လူငယ်များဦးဆောင်သည့် အခမဲ့ဆေးကုခန်းတစ်ခုကို မေလ ၃ ရက်နေ့တွင်စတင် ဖွင့်လှစ်လိုက်ခဲ့ပြီး အဆိုပါအခမဲ့ဆေးကို Food not Bombs Rakhine နှင့် အလှူရှင်များ၏ အကူအညီဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ငွေကြေးမတတ်နိုင်သူများအတွက် အထောက်အပံ့တစ်ခု ဖြစ်စေရန် ရည်ရွယ်ကြောင်း သိရသည်။
> မီးလောင်ခံခဲ့ရသည့် မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်းသို့ ဂျပန်အခြေစိုက် ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ/ANDP-Japan က တဲအိမ်အလုံး ၄၀ ဖိုးနှင့် ဆန်အိတ် ၁၀၀ အတွက် ကျပ်သိန်း (၁၀၀) ကူညီလှူဒါန်းခဲ့သည်။
(မေ ၄)
> ရက္ခိုင့်တပ်တော် (AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော်နှင့်အတူ ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၈ ဦးကို မေလ ၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်တရားရုံး၌ ရုံးထုတ်ပြီး အမှုကိုစစ်ဆေးခဲ့သည်။
> အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ရန်ကုန်မှ ရခိုင်သို့ ပြန်လာကြသည့် နေရပ်ပြန်ရခိုင်တချို့မှာ ဒေသတွင်း အလုပ်အကိုင်ရှားပါးမှုကြောင့် အခက်အခဲများဖြင့်ကြုံတွေ့နေရကြောင်း ပြောဆိုကြသည်။
> စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ အသစ်ခန့်အပ်လိုက်သည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ၃၇ ဦးထဲမှ ကျေးရွာအုပ်ချုပ်ရေးမှူး ၇ ဦးတို့မှာ ခန့်အပ်ခံရပြီး များမကြာမီ နှုတ်ထွက်စာ တင်ထားသည်။
> ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ပညာသင်ကြားနေကြသည့် ကျောင်းသားများအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖွင့်လှစ်သည့် တက္ကသိုလ်၊ ကျောင်းများတွင် တက်ရောက်ခြင်းမပြုရန် ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)က မေလ (၄) ရက်နေ့တွင် ထုတ်ပြန်ချက်ထုတ်ကာ တိုက်တွန်းလိုက်သည်။
> ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံသည်ဟုဆိုကာ သံတွဲဒေသခံ ၄ ဦးဖြစ်သည့် ဦးဖြူကြီး၊ ကိုဖြိုးလေး (ခ) ပြည့်ဖြိုးထွန်း၊ မမီးမီးစု (ခ) ချစ်စုထွေး၊ မဟာလေး (ခ) တင်စန္ဒာဝင်းတို့အား မေလ ၄ ရက်နေ့ နံနက်ပိုင်းက သံတွဲရဲစခန်း၌ ခေါ်ယူစစ်ဆေးခဲ့ပြီး ညနေ ၆ နာရီတွင် ခံဝန်ကတိဖြင့် ပြန်လွှတ်ပေးခဲ့သည်။
> ဂြိုဟ်တု၊ ရုပ်မြင်သံကြားဖမ်းစက်များကို တပ်ဆင်အသုံးပြုပြီး ဖမ်းယူကြည့်ရှုမှုများ ပြုလုပ်ပါက ထောင်ဒဏ် ၁ နှစ်ဖြစ်စေ၊ ဒဏ်ငွေ ၅ သိန်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အစရှိသည့် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း မေလ ၄ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။
(မေ ၅)
> စစ်ကောင်စီနဲ့ ပတ်သက်ဆက်စပ်မှုအား ရပ်တန့်လိုက်ကြောင်း ရခိုင်အမျိုးပါတီ (ANP)ဥက္ကဌက မီဒီယာများအား ပြောကြားခဲ့သည်။
> ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် သရက်ချိုကျေးရွာနှင့် အောင်ဖြူပြင်ကျေးရွာအကြားတွင် မေလ ၅ ရက်နေ့ ညနေပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။
> ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ၁ နှစ်ကျော်ကြာ ပိတ်ထားရသည့် ရခိုင်ပြည်စစ်တွေမြို့ရှိ အများပြည်သူ ဝင်ရောက်လေ့လာနိုင်သည့် ယဉ်ကျေးမှုပြတိုက်နှင့် ဗုဒ္ဓပြတိုက်တို့ကို ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။
(မေ ၆)
> တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများတွင် လာမည့် မေလ ၂၄ ရက်နေ့မှ စတင်ကာ ကျောင်းအပ် လက်ခံသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းကပြောသည်။
> မီးလောင်ပျက်စီးသွားသည့် မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်းအတွက် လူနေအိမ်များအပြင် စခန်းတွင်းရှိ ကလေးငယ်များ ပညာသင်ကြားနိုင်ရန်အတွက် စာသင်ကျောင်းတစ်ခုကိုလည်း တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း အကူညီဆောင်ရွက်ပေးနေသည့် စာရေးဆရာဝေဟင်အောင်က ပြောသည်။
> ရခိုင်ပြည်နယ်၊ စစ်တွေမြို့ စက်ရုံစုရပ်ကွက်၊ အာကျိတ်တော်ကုန်းတွင်တည်ရှိသည့် ငစရိုင်းချောင်း စစ်ဘေးရှောင်စခန်းတွင် ရေပြတ်လပ်မှုများ ဖြစ်ပွားနေပြီး အရေးပေါ်အကူညီများ လိုအပ်လျက်ရှိသည်။
> ရခိုင်လူငယ်ဆောင်းပါးရှင်တစ်ဦး ဖြစ်သည့် ကိုကျော်ဆန်းလှိုင်သည် ၂၅ ကြိမ်‌မြောက် ဟောင်ကောင်အခြေစိုက် လူ့အခွင့်အရေးစာနယ်ဇင်းဆု ( Human Rights Press Awards)ကို ရရှိသွားကြောင်း မေလ ၆ ရက်နေ့တွင် Human Rights Press Awards က ကြေညာခဲ့သည်။
> လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ပတ်သက်၍ တပ်မတော်အား ဆန္ဒထုတ်ဖော်ခဲ့ကြသော ရခိုင်ကျောင်းသားများဖြစ်ကြသည့် ကိုတိုးတိုးအောင်၊ ကိုဦးသန်းနိုင်၊ ကိုကျော်နိုင်ဌေးတို့မှာ ငြိမ်းစုစီပုဒ်မ (၁၉) အားကျူးလွန်ခဲ့သည်ဟု ဝန်ခံခဲ့သဖြင့် စစ်တွေမြို့နယ်တရားရုံးက ဒဏ်ငွေ နှစ်သောင်းကျပ်စီ ပေးဆောင်ရန် အမိန့်ချမှတ်လိုက်သည်။ သို့သော်လည်း ကိုဦးသန်းနိုင်၊ ကိုကျော်နိုင်ဌေး၊ ကျောက်ဖြူပညာရေးကောလိပ်မှ ကိုမြတ်စိုးဝင်းနှင့် ဒဂုံတက္ကသိုလ်ရခိုင် ကျောင်းသားများသမဂ္ဂမှ ကိုကောင်းထွန်းတို့ ၄ ဦးမှာ နောက်ထပ်အမှုနှစ်ခုကို ဆက်လက်ရင်ဆိုင်နေကြရဆဲဖြစ်သည်။  
(မေ ၇)
> ရခိုင်ပြည်ရှိ စစ်ရှောင်စခန်းများအနက် ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲ စစ်ဘေးရှောင်စခန်း၊ ဗန်းဗွီးစစ် ဘေးရှောင်စခန်း၊ ကျောက်တော်မြို့နယ်၊ ဝါးတောင်စစ်ဘေးရှောင်စခန်းများတွင် မြိုတိုင်းရင်းသား အများစုနေထိုင်လျက်ရှိကြပြီး ၎င်းတို့မှာ စားဝတ်နေရေး အကြပ်အတည်းများဖြင့် ရင်ဆိုင်နေကြရသည်။
> (၀၇.၀၅.၂၀၂၁) ရက်နေ့ (၁၁:၃၀) နာရီတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNU/KNLA) နှင့် ရခိုင်ပြည်တပ်မတော် (ANC/AA) လှုပ်ရှားစစ်ကြောင်းများ ပူးပေါင်း၍ ကရင်ပြည်၊ မူတြော်ခရိုင်၊ တပ်မဟာ (၅) နယ်မြေရှိ အာဏာသိမ်းစစ်ကောင်စီစခန်းတခုအား သိမ်းပိုက်၍ မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်လက်နက်ပစ္စည်း အမြောက်အမြားကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ရခိုင်အမျိုးသားကောင်စီ/ ရခိုင်ပြည်တပ်မတော် (ANC/AA) က ထုတ်ပြန်ခဲ့သည်။
> ရခိုင်ပြည်ရှိ ရှေးဟောင်းအမွေအနှစ်များတည်ရှိရာ မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် အပြီးသတ်အဆိုပြုလွှာကို လာမည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် တင်သွင်းနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။
> ရခိုင်ပြည်နယ်၊ စစ်တွေတက္ကသိုလ်မှ ဆရာ၊ ဆရာမ ၃၅ ဦးအား ရုံးမတက်ရောက်ဘဲ CDM လုပ်သည်ဟုဆိုကာ တာဝန်မှယာယီရပ်ဆိုင်းလိုက်ကြောင်း စစ်တွေတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာခင်မောင်ဇော် လက်မှတ်ရေးထိုးထားသည့် ရုံးအမိန့်စာတစ်စောင် ထုတ်ပြန်ခဲ့သည်။
> ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့တွင် ကိုဗစ်ရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လျက်ရှိနေသဖြင့် အဆိုပါနိုင်ငံများနှင့် ဆက်သွယ်သွားလာနေသည့် ရခိုင်ပြည်တွင်လည်း ကိုဗစ်ကူးစက်မှု ပြန်လည်မဖြစ်ပေါ်စေရန် နယ်စပ် ဝင်/ထွက်မှုများကို စနစ်တကျကြပ်မတ်ရန်လိုကြောင်း ရခိုင်အရပ်ဖက်အဖွဲ့အစည်းများက ထောက်ပြပြောဆိုကြသည်။
> ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စပါးထားကျေးရွာတွင် မေလ (၇) ရက်နေ့ ညအချိန်တွင် စစ်ကျန်လက်နက်ကြီးတစ်လုံး ပေါက်ကွဲမှုကြောင့် ကျေးရွာသားသုံးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သွားခဲ့ပြီး စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည်။

ဗီဒီယိုများ