၁၀၂၇ ကို ကြိုဆိုကြောင်း ‘၁’ လေးလုံးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုပြုလုပ်

ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုကြောင်း ယနေ့ကျရောက်သည့် နိုဝင်ဘာလ ၁၁ ရက် (၁၁၊ ၁၁၊ ၂၀၂၃) တွင် တစ်လေးလုံးနေ့ အထိမ်းအမှတ်အဖြစ် လူထုလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။

By Admin 11 Nov 2023

စစ်ကိုင်းတိုင်းတွင် ယနေ့ ပြုလုပ်ခဲ့သည့် ‘၁’လေးလုံးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှု။ (ဓာတ်ပုံ - အောင်ခန့်ဇော်)
စစ်ကိုင်းတိုင်းတွင် ယနေ့ ပြုလုပ်ခဲ့သည့် ‘၁’လေးလုံးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှု။ (ဓာတ်ပုံ - အောင်ခန့်ဇော်)

DMG ၊ နိုဝင်ဘာ ၁၁ 

ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုကြောင်း ယနေ့ကျရောက်သည့် နိုဝင်ဘာလ ၁၁ ရက် (၁၁၊ ၁၁၊ ၂၀၂၃) တွင် တစ်လေးလုံးနေ့ အထိမ်းအမှတ်အဖြစ် လူထုလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါလူထုလှုပ်ရှားမှုကို စစ်ကိုင်းတိုင်း သပိတ်ကော်မတီများနှင့် ပြည်သူများပူးပေါင်းကာ  “၁၀၂၇ လှိုင်းကို အောင်သပြေနဲ့ ကြိုဆို၊ ၁၀၂၇ ညီနောင်မဟာမိတ်အဖွဲ့ကို အောင်သပြေနဲ့ကြို” စသည့်စာတန်းပါ ဆိုင်းဘုတ်များကိုင်ဆောင်၍ ဈေး၊ ကားလမ်းနှင့် လူစည်ကားရာများတွင် စီတန်းလှည့်လည်ခဲ့ကြသည်။  

“ဒီနေ့လူထုလှုပ်ရှားမှု ရည်ရွယ်ချက်ကတော့ မြို့သိမ်းတိုက်ပွဲတွေကို ကြိုဆိုထောက်ခံကြောင်း၊ ပြည်သူ့ဘက်ကို အလင်းဝင်လာမယ့် ရဲဘော်တွေကို ကြိုဆိုကြောင်းအနေနဲ့ ပြုလုပ်ခဲ့ကြတာပါ” ဟု ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ် ကော်မတီအဖွဲ့ဝင် ကိုအောင်ခန့်ဇော်က ပြောသည်။ 

စစ်ကိုင်းတိုင်းရှိ မုံရွာ၊ မြောင်၊ ကနီ၊ ဆားလင်းကြီး၊ လက်ပံတောင်း စသည့် မြို့နယ်များနှင့် မကွေးတိုင်း ရေနံချောင်း မြို့နယ်တို့တွင် မြေပြင်လှုပ်ရှားမှုအဖြစ် ပြုလုပ်ခဲ့ကြပြီး အွန်လိုင်းသုံးစွဲသူများကလည်း ပူးပေါင်းခဲ့ကြသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးသည် စစ်ကောင်စီအတွက် အကျပ်ရိုက်စေသဖြင့် ယခုအချိန်တွင် ပြည်သူအားလုံး စုပေါင်းပါဝင်ရန် လိုအပ်ကြောင်း လူထုလှုပ်ရှားမှုတွင် ပါဝင်သူများက ပြောသည်။

“ညီနောင်မဟာမိတ်အဖွဲ့နဲ့ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ မြို့သိမ်းတိုက်ပွဲတွေဟာ စစ်ရေးအရ အားရကျေနပ်စရာ ဖြစ်သလို ဒီလို မြို့တွေထပ်ပြီးသိမ်းနိုင်ဖို့ ကျနော်တို့ ပြည်သူတွေအနေနဲ့လည်း နိုင်ငံရေးအသိနဲ့ တတ်နိုင်တဲ့ကဏ္ဍဟူသမျှ ပါဝင်ဖို့ လိုအပ်တာပေါ့” ဟု တစ်လေးလုံးအထိမ်းအမှတ် အွန်လိုင်းလှုပ်ရှားမှုတွင် ပါဝင်သူ မန္တလေးမြို့ခံတစ်ဦးက ပြောသည်။ 

အောက်တိုဘာ ၂၇ ရက်နေ့ကစတင်ခဲ့သည့် ညီနောင် မဟာမိတ် သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ၁၆ ရက် မြောက်နေ့အတွင်း စစ်ကိုင်းတိုင်း ကောလင်းမြို့အပါအဝင် မြို့ ၆ ခုနှင့် စစ်ကောင်စီ တပ်စခန်းပေါင်း ၁၆၀ ခန့်ကို သိမ်းပိုက်ရရှိထားသည်။ ထို့အပြင် တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်း၍လည်း မကြာမီကာလတွင် တစ်နိုင်ငံလုံးအနှံ့ စစ်ဆင်ရေးဆောင်ရွက်သွားမည်ဟု ညိနောင်မဟာမိတ်သုံးဖွဲ့က ဆိုထားသည်။

#D005 #DMG

ဗီဒီယိုများ