၂ နှစ်ကျော်ကြာ ပိတ်ထားသည့် ထောင်ဝင်စာတွေ့ခွင့်ကို ပြန်လည်ရရှိရန် တောင်းဆိုကြ

မြန်မာနိုင်ငံက အကျဉ်းထောင်များတွင် ထောင်ဒဏ်ကျခံနေရသူများ၊ အချုပ်သားများအား မိသားစုဝင်များမှ ထောင်ဝင်စာတွေ့ခွင့်ကို ပြီးခဲ့သည့် ၂၀၂၁ ခု ကိုဗစ်တတိယလှိုင်း ဖြစ်ပွားချိန်မှစတင်ကာ ပိတ်ပင်ထားခဲ့သည်။

By Admin 22 Jun 2023

၂၀၂၁ ခု နှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာမည့်သူများကို မိသားစုဝင်များမှ စစ်တွေအကျဉ်းထောင်ရှေ့တွင် စောင့်ဆိုင်းနေကြစဉ်။
၂၀၂၁ ခု နှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာမည့်သူများကို မိသားစုဝင်များမှ စစ်တွေအကျဉ်းထောင်ရှေ့တွင် စောင့်ဆိုင်းနေကြစဉ်။

DMG ၊ ဇွန် ၂၂

မြန်မာနိုင်ငံက အကျဉ်းထောင်များတွင် ထောင်ဒဏ်ကျခံနေရသူများ၊ အချုပ်သားများအား မိသားစုဝင်များမှ ထောင်ဝင်စာတွေ့ခွင့်ကို ပြီးခဲ့သည့် ၂၀၂၁ ခု ကိုဗစ်တတိယလှိုင်း ဖြစ်ပွားချိန်မှစတင်ကာ ပိတ်ပင်ထားခဲ့သည်။

ယခုအချိန်တွင်လည်း ထောင်ဝင်စာတွေ့ခွင့် မရသေးကြောင်း စစ်တွေအကျဉ်းထောင်တွင် ထောင်ဒဏ် ကျခံနေရသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့မှ ကိုတင်ထွန်းအောင်နှင့် ထောင်ဝင်စာတွေ့ရန် သွားရောက်ခဲ့သည့် အစ်ကိုဖြစ်သူက ကိုမင်းအောင်က ပြောသည်။

“အခုဆိုရင် ထောင်ဝင်စာတွေ့ခွင့်မရတာ တစ်နှစ်ကျော်ကြာသွားပြီ။ လုံးဝတွေ့ခွင့် မရဘူး။ ပစ္စည်းတွေ ပို့မယ်ဆိုရင် အဲဒီ(ထောင်)မှာ တာဝန်ကျနေတဲ့သူတွေကို ပေးခဲ့ရတယ်။ ရောက်၊ မရောက်ကိုလည်း မသိရဘူး။ ကျနော်တို့ သွားတွေ့တာ ၅ ကြိမ်လောက် ရှိသွားပြီ။ ပလက်ဝကနေတဆင့် လာရတာဆိုတော့ အခက်အခဲရှိတွေ အများကြီးရှိပါတယ်”ဟု ကိုမင်းအောင်က ဆက်ပြောသည်။

ကိုတင်ထူးအောင်မှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့က ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ တပ်ရင်းတစ်ခုမှ အလံဖြူထောင်သည့်ကိစ္စကို သတင်းဌာနတစ်ခုတွင် အင်တာဗျူးဖြေဆိုခဲ့သဖြင့် ဖမ်းဆီးခံခဲ့ရကာ နိုင်ငံတော် ဆူပူလှုံဆော်မှုဆိုင်ရာဥပဒေပုဒ်မ - ၅၀၅(က)ဖြင့် ၂၀၂၂ ခုနှစ် ဧပြီလအတွင်းက ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရသည်။

စစ်တွေအကျဉ်းထောင်တွင် ထောင်ဒဏ်ကျနေသည့် မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာ မင်းဒီပါ (ခ) ကိုအောင်မြင့်နိုင်ကိုလည်း ထောင်ဝင်စာတွေ့ခွင့်မရ၍ မိသားစုမှ စိုးရိမ်မှုများရှိနေသည်ဟု အစ်မဖြစ်သူ မနန်းစိုးကပြောသည်။

“ကျမတို့ ဒီအပတ်(တနင်္လာ)နေ့ကလည်း ထောင်ဝင်စာတွေ့ဖို့ သွားခဲ့တယ်။ မတွေ့ခဲ့ရဘူး။ သူတို့က ကိုဗစ် ကာလကတည်းက ပိတ်ထားတာ။ ကျမ မောင်လေး နေကောင်းရဲ့လား၊ စားဝတ်နေရေးတွေက အဆင်ပြေလား ဆိုပြီးတော့ စိုးရိမ်မှုရှိတာပေါ့။ သူနဲ့ တစ်ခါလောက်တွေ့ချင်တယ်။ ဒါပေမယ့် တွေ့ခွင့်မရဘူး”ဟု မနန်းစိုးက ဆက်ပြောသည်။

ကိုမင်းဒီပါကို ပြည်သူ့ကာကွယ်ရေး(PDF)အဖွဲ့ကို ငွေကြေးထောက်ပံ့မှု၊ လှုံ့ဆော်မှုတို့ ပြုလုပ်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)ဖြင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထောင်တွင်း အကျဉ်းကျခံနေရသူများနှင့် မိသားစုဝင်များ တွေ့ဆုံခွင့် ရရှိရေးကိစ္စများကို စစ်ကောင်စီ ဒု-ခေါင်းဆောင်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) တာဝန်ရှိသူတို့ ၂၀၂၃ ခုနှစ်၊ မတ်လအတွင်းက တွေ့ဆုံဆွေးနွေးမှုများ ရှိခဲ့သော်လည်း လက်ရှိအချိန်ထိ ထောင်ဝင်စာတွေ့ခွင့် မရရှိသေးပေ။

ယခုအခါ ကိုဗစ်ရောဂါလည်း ဖြစ်ပွားခြင်းမရှိသည့်အတွက် အကျဉ်းသားများကို မိသားစုဝင်များနှင့် တွေ့ဆုံခွင့် ပေးသင့်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ သမီး ဒေါ်ကြည်ကြည်ဦးက ပြောသည်။

“ကျမ အဖေက မျက်စိနေမကောင်းဖြစ်တဲ့အတွက် ထောင်ဝင်စာတွေ့ခွင့်ပေးဖို့ ကျမတို့က အကြိမ်ကြိမ် တောင်းဆိုပြီးပြီ။ ဒါပေမယ့် အခုချိန်ထိ တွေ့ခွင့်မရဘူး။ အခုအချိန်မှာ ကိုဗစ်ကလည်း မရှိတော့ဘူးဆိုတော့ ကျမအဖေအပါအဝင် ထောင်ဒဏ်ချမှတ်ခံထားရတဲ့သူတွေ အကုန်လုံးကို ထောင်ဝင်စာတွေ့ခွင့် ပေးစေချင်တယ်”ဟု ဒေါ်ကြည်ကြည်ဦး ပြောသည်။

ထိုသို့ ထောင်ဝင်စာတွေ့ခွင့် မရသည့်ကိစ္စနှင့်ပတ်သက်ပြီး စစ်တွေအကျဉ်းထောင်မှ တာဝန်ရှိသူကို DMG က ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းနေဆဲဖြစ်သည်။

အကျဉ်းသားများကို မိသားစုဝင်များနှင့် တွေ့ခွင့်မပေးသည့်မှာ လူ့အခွင့်အရေး ချိုးဖောက်ရာရောက်ပြီး မိသားစုဝင်များနှင့် အကျဉ်းသားများအတွက် နစ်နာမှုရှိကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက ထောက်ပြကြသည်။

“ဒီလို ထောင်ဝင်စာတွေ့ခွင့် မရတာဟာ အကျဉ်းသားတွေရဲ့ ခံစားခွင့်၊ ရပိုင်ခွင့်တွေ ဆုံးရှုံးတယ်။ မိသားစုတွေအနေနဲ့လည်း နစ်နာမှု ရှိတာပေါ့။ အကျဉ်းကျခံနေရတဲ့ သားတွေ၊ လင်တွေကို တွေ့ခွင့်မရတော့ စိတ်ပိုင်းဆိုင်ရာအရပါ ထိခိုက်မှု ရှိတာပေါ့”ဟု ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

အကျဉ်းထောင် လက်စွဲဥပဒေအရ အကျဉ်းသားတိုင်းသည် ထောင်တွင်းအကျဉ်းကျနေစဉ်ကာလတွင် သင့်လျော်သည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိပိုင်ခွင့်များရှိပြီး တစ်ပတ်တစ်ကြိမ် ထောင်ဝင်စာ တွေ့ခွင့်ရှိကြောင်း ပြဌာန်းထားသည်။

#R007

ဗီဒီယိုများ