အသက်မပြည့်သေးသည့် မွတ်ဆလင် ၄ ဦး တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် မောင်တောတွင် ဖမ်းဆီးခံရ

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ငန်းချောင်းကျေးရွာတွင် အသက်မပြည့်သေးသည့် မွတ်ဆလင် ၄ ဦးကို အောက်တိုဘာ ၂၂ ရက်က တရားမဝင်နယ်စပ်ဖြတ်ကျော်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးစာမျက်နှာ “ရခိုင်နေ့စဉ်” တွင် ဖော်ပြသည်။

By Admin 24 Oct 2023

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၂ ရက်က မောင်တောမြို့နယ်၊ ငန်းချောင်းကျေးရွာတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် ဖမ်းဆီးခံရသည့် အသက်မပြည့်သေးသည့် မွတ်ဆလင် ၄ ဦး။ ဓာတ်ပုံ - ရခိုင်နေ့စဉ်
၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၂ ရက်က မောင်တောမြို့နယ်၊ ငန်းချောင်းကျေးရွာတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် ဖမ်းဆီးခံရသည့် အသက်မပြည့်သေးသည့် မွတ်ဆလင် ၄ ဦး။ ဓာတ်ပုံ - ရခိုင်နေ့စဉ်

DMG ၊ အောက်တိုဘာ ၂၄

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ငန်းချောင်းကျေးရွာတွင် အသက်မပြည့်သေးသည့် မွတ်ဆလင် ၄ ဦးကို အောက်တိုဘာ ၂၂ ရက်က တရားမဝင်နယ်စပ်ဖြတ်ကျော်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးစာမျက်နှာ “ရခိုင်နေ့စဉ်” တွင် ဖော်ပြသည်။

ဖမ်းဆီးခံရသူများမှာ မာမတ်အိုဝဲစ် (၁၆) နှစ်၊ မဖူရုကျင်နား (၁၄) နှစ်၊ မရူဖာမာ (၁၃) နှစ်၊ မဆူဖီရာ (၉) နှစ်တို့ ဖြစ်ကြသည်။

၎င်းတို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွင် ဆွေမျိုးများနှင့်အတူ နေထိုင်နေရာမှ လက်ရှိတွင် နေထိုင်စားသောက်ရေး အဆင်မပြေ၍ မောင်တောမြို့နယ်၊ ရေတွင်းပြင်ကျေးရွာအနီးရှိ နယ်စပ်ခြံစည်းရိုးကို ကျော်ဝင်ကာ မိဘများရှိရာ ငန်းချောင်းကျေးရွာသို့ပြန်လာစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“တရားမဝင် နယ်စပ်ဖြတ်ကျော်လာသူတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က သက်ဆိုင်ရာ နယ်မြေရဲစခန်းဆီ သတင်းပေးပို့တဲ့အတွက် ဥပဒေနဲ့အညီ အရေးယူနိုင်ရေး စစ်ဆေးနေတယ်လို့သိရတယ်” ရခိုင်နေ့စဉ်က ဖော်ပြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင်ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

အောက်တိုဘာ ၁၉ ရက်ကလည်း မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာအနီးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းမှ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသည့် အသက် ၂၅ နှစ်အရွယ် မွတ်ဆလင်အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း “ရခိုင့်နေ့စဉ်” က ထုတ်ပြန်ထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းများတွင် နေထိုင်သည့် မွတ်ဆလင်များမှာ မောင်တောခရိုင်အတွင်းသို့ တရားမဝင်လမ်းကြောင်းမှ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာစဉ် ဖမ်းဆီးခံရမှုများ မကြာခဏဖြစ်ပေါ်နေသည်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နယ်မြေမလှုံခြုံမှုကြောင့် အကျပ်အတည်းတွေ ဖြစ်နေကြတယ်။ ဒါကြောင့် အစားအသောက်နဲ့ အနေအထိုင်တွေ ဆင်းဆင်းရဲရဲရင်ဆိုင်နေကြရလို့ ရခိုင်ပြည်ကို ဝင်ရောက်လာကြတယ်။ အဲဒီမှာ ဖမ်းဆီးခံရတဲ့အနေအထားတစ်ခုဖြစ်တယ်” ဟု မောင်တောလူငယ်များအဖွဲ့အစည်းမှ တာဝန်ရှိသူ မွတ်ဆလင်အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သော မောင်တောဖြစ်စဉ်ကြောင့် မောင်တောဒေသအတွင်းမှ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းသို့ ရောက်ရှိသွားကြသည့် မွတ်ဆလင်များမှာ စခန်းတွင်း စားဝတ်နေရေးအဆင်မပြေမှုများကြောင့် တရားမဝင်နယ်စပ်ဖြတ်ကျော်ကာ မောင်တောဒေသသို့ ဝင်ရောက်မှုများရှိနေသည်။

ယင်းသို့ တရားမဝင်လမ်းကြောင်းမှ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မွတ်ဆလင်များမှာ မြန်မာအာဏာပိုင်များထံ ဖမ်းဆီးခံရပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ - ၁၃ (၁) ၊ ၁၃ (၅) တို့ဖြင့် တရားစွဲခံရကာ ထောင်ဒဏ်အသီးသီး ချမှတ်ခံရခြင်းများရှိသည်။

သို့သော် ဖမ်းဆီးခံရသူများထဲမှ အသက်မပြည့်သေးသူများကို သက်ဆိုင်ရာ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးများထံမှ အာမခံချက်ယူ၍ မိဘများထံသို့ လွှဲပြောင်းပေးခြင်းများရှိကြောင်း သိရသည်။

ရခိုင်ပြည်၊ မောင်တောခရိုင်တွင် ယခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှ စက်တင်ဘာလ ၂၀ ရက်နေ့ထိ ၈ လကျော်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မွတ်ဆလင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၉၉ ဦးကို ဖမ်းဆီးခဲ့ကြောင်း “ရခိုင်နေ့စဉ်” မှ ထုတ်ပြန်ခဲ့သည့်စာရင်းအရ သိရသည်။

ဗီဒီယိုများ