ကျောက်ဖြူတွင် ၅၈ နှစ်အတွင်း မိုးရေချိန် စံချိန်တင်ရွာသွန်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ဩဂုတ်လ ၁၇ ရက်နေ့က ရွာသန်းခဲ့သည့်မိုးရေချိန်မှာ ပြီးခဲ့သည့်နှစ်ပေါင်း ၅၈ နှစ်အတွင်း စံချိန်သစ်တင် ရွာသွန်းနှုန်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

18 Aug 2022

ကျောက်ဖြူမြို့ ဆားပြင်ကွင်းရပ်ကွက်အတွင်း ရေကြီးရေလျှံဖြစ်နေပုံ။ Photo- CJ

DMG ၊ ဩဂုတ် ၁၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ဩဂုတ်လ ၁၇ ရက်နေ့က ရွာသန်းခဲ့သည့်မိုးရေချိန်မှာ ပြီးခဲ့သည့်နှစ်ပေါင်း ၅၈ နှစ်အတွင်း စံချိန်သစ်တင် ရွာသွန်းနှုန်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါမိုးရေချိန်မှာ ယခင် ၁၉၆၄ ခုနှစ်က ရွာသွန်းခဲ့သည့် ၂၇၂ မီလီမီတာ(၁၀ ဒသမ ၇၀ လက်မ)ကိုကျော်လွန်ကာ ၅၀၂ မီလီမီတာ (၁၉ ဒသမ ၇၆ လက်မ)ထိရွာသန်းခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်ရပ်မှာ ပုံမှန်မဟုတ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက DMG ကိုပြောသည်။

“မိုးက မရွာရင်လည်းမရွာဘူး။ ရွာပြန်ရင်လည်း ချက်ချင်းကြီး လွန်ကဲပြီးတော့ ရက်ပိုင်းအတွင်း၊ ခဏလေးအတွင်းမှာကို တအားကြီးရွာချလိုက်တာဆိုတော့ ဒါက မူမမှန်တဲ့သဘောပေါ့”ဟု ဦးလှထွန်းက ပြောသည်။

ထိုသို့ဖြစ်ရခြင်းမှာ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတစ်ခုဖြစ်ပြီး နောက်နှစ်များတွင်လည်း ယခုကဲ့သို့တွေ့ကြုံရနိုင်သဖြင့် ပြည်သူများ ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်းလည်း ဆိုသည်။

“ဒါမျိုး ပုံမှန်မဟုတ်တာဟာ အဓိက ရာသီဥတုပြောင်းလဲပြီးတော့ အပူချိန်တိုးလာတာတွေနဲ့ဆိုင်တယ်။ ဒါကို မရွာပါနဲ့လို့ တားလို့မှ မရတာ။ ဒါကြောင့်မိုးများပြီး ရေတင်၊ရေဝပ်တဲ့နေရာက လူတွေဆိုရင် အိမ်တိုင်ရှည်တွေဆောက်ပြီး ပြင်ဆင်မှုတွေလုပ်လို့ရတယ်။ ရေစီးရေလာကောင်းအောင်လုပ်တဲ့နည်းတွေနဲ့ ပြင်ဆင်ထား ရမယ်”ဟု ဦးလှထွန်းကဆိုသည်။

အဆိုပါ စံချိန်တင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောက်ဖြူမြို့ရှိ မြို့ပေါ်ရပ်ကွက် ၁၇ ရပ်ကွက်လုံး ရေပြည့်လျှံခဲ့ပြီး လူဦးရေ ၁၀၀ ကျော်ခန့်ကို ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း မြို့ခံများထံမှသိရသည်။

ယင်းအပြင် ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ဆန်ဆိုင်များ၊ ဘိလပ်မြေအရောင်းဆိုင်များနှင့် ဆိုင်ကယ်များ ပျက်စီးဆုံးရှုံးမှုရှိခဲ့ပြီး ကျောက်ဖြူမြစ်တွင် ကမ်းကပ်ထားသည့်ငါးဖမ်းလှေများ ရေဖြင့်မျောပါ နစ်မြုပ်မှုများရှိခဲ့ကြောင်းလည်း သိရသည်။

ကျောက်ဖြူမြို့ တောင်ရင်းရပ်ကွက်နေ ဦးအောင်ဆန်းက “ဆိုင်ခန်းတွေကိုရေဝင်ပြီး ပျက်စီးဆုံးရှုံးသွားတဲ့ပစ္စည်းတွေရှိသလို ဒီတောင်ရင်းရပ်ကွက် လှေဆိပ်မှာကပ်ထားတဲ့ လှေအစီးရေ ၄၀ နီးပါးလောက် ရေစီးအားသန်ပြီးတော့ မျောပါနစ်မြုတ်သွားတာတွေလည်းရှိတယ်။ အခြားလှေဆိပ်တွေမှာလည်း ဒါမျိုးဖြစ်သွားတယ်”ဟု ပြောသည်။

ကျောက်ဖြူမြို့တွင် ယခုကဲ့သို့ ရပ်ကွက်အားလုံး ရေကြီးရေလျှံဖြစ်ပွားမှုဒဏ်ကြောင့် နောက်ထပ်မိုးရွာသွန်းလာမည်ကို စိုးရိမ်နေရကြောင်းလည်း မြို့ခံများကပြောသည်။

ယင်းကဲ့သို့ ကျောက်ဖြူမြို့ပေါ် ရပ်ကွက်များတွင် ရေပြည့်လျှံရခြင်းမှာ အခြားတစ်ဘက်တွင် မြို့တွင်းရေမြောင်းစနစ်များ ကျဉ်းမြောင်းပိတ်ဆို့လာမှုနှင့်လည်း ဆက်စပ်နေပြီး စည်ပင်နှင့်သက်ဆိုင်ရာ အာဏာပိုင်များက ဖြေရှင်းပေးသင့်ကြောင်းလည်း မြို့ခံများကပြောသည်။

“အရင်က ကျောက်ဖြူမြို့မှာ ဒါမျိုးရေဖုံးလွှမ်းတာ တစ်ခါမှမကြုံဖူးဘူး။ အဲဒီတုန်းက ရေမြောင်းစနစ်တွေက အရမ်းကောင်းမွန်တယ်။ အခုက ရေမြောင်းနေရာတွေက ကျဉ်းမြောင်းလာပြီးတော့ ပိတ်ဆို့နေတယ်လေ။ ဒါတွေကို ပြုပြင်ဆောင်ရွက်ရမှာက စည်ပင်နဲ့ သက်ဆိုင်ရာဌာနတွေမှာတာဝန်ရှိပြီး မပြင်နိုင်ရင်တော့ အခုလိုမိုးရွာတိုင်း ရေလွှမ်းမိုးတာတွေခံနေရအုံးမှာ”ဟု ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်အမတ်ဟောင်း ဦးဖိုးစံကဆိုသည်။

ကျောက်ဖြူမြို့သည် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် ၁၈၂၉ ခုနှစ်တွင် အင်္ဂလိပ်အစိုးရက စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် မြို့ပေါ်ရပ်ကွက် ၁၇ ခုဖြင့်ဖွဲ့စည်းထားပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ မြို့ပေါ်လူဦးရေ သုံးသောင်းကျော်နေထိုင်ကြောင်း သိရသည်။

ဗီဒီယိုများ