ငြိမ်းချမ်းရေးညီလာခံ ပြုလုပ်ရန် စစ်ကောင်စီနှင့် အပစ်ရပ် ၅ ဖွဲ့ ကြိုးစားနေ

အပစ်ရပ် ၅ ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ALP ခေါင်းဆောင် စောမြရာဇာလင်းက “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တစ်ခုကျင်းပဖို့အတွက်ကို သဘောတူညီမှုတွေတော့ ရခဲ့ကြတယ်။ 

By Admin 30 Jun 2023

ငြိမ်းချမ်းရေးနှင့်ပတ်သင်ပြီး စစ်ကောင်စီနှင့် PPST အဖွဲ့ဝင် (၅)ဖွဲ့တို့ ဇွန်လ ၂၇ နေ့က တွေ့ဆုံဆွေးနွေးနေစဉ်။ ဓာတ်ပုံ - MRTV, CINCDS
ငြိမ်းချမ်းရေးနှင့်ပတ်သင်ပြီး စစ်ကောင်စီနှင့် PPST အဖွဲ့ဝင် (၅)ဖွဲ့တို့ ဇွန်လ ၂၇ နေ့က တွေ့ဆုံဆွေးနွေးနေစဉ်။ ဓာတ်ပုံ - MRTV, CINCDS

DMG ၊ ဇွန် ၃၀

စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် NCA လက်မှတ်ရေးထိုးထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)ထဲက ၅ ဖွဲ့တို့သည် ဇွန်လ ၂၆ မှ ၂၈ ရက်နေ့ထိ နေပြည်တော်တွင် ဆွေးနွေးခဲ့ပြီးနောက် ငြိမ်းချမ်းရေးညီလာခံ ကျင်းပရန် သဘောတူလိုက်ကြောင်း သိရသည်။

စစ်ကောင်စီနှင့်တွေ့ဆုံခဲ့သည့် အပစ်ရပ် ၅ ဖွဲ့မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့ ဖြစ်သည်။

အပစ်ရပ် ၅ ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ALP ခေါင်းဆောင် စောမြရာဇာလင်းက “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တစ်ခုကျင်းပဖို့အတွက်ကို သဘောတူညီမှုတွေတော့ ရခဲ့ကြတယ်။ အထူးသဖြင့်ကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ပြောကြတာ များပါတယ်။ ဒီလောက်ပဲ ပြောနိုင်တယ်။ အသေးစိတ်အချက်အလက်တွေကို ပြောဖို့တော့ မရှိပါဘူး” ဟု DMG ကို ပြောသည်။

ငြိမ်းချမ်းရေးညီလာခံ ဖြစ်မြောက်လာရေးအတွက် အသေးစိတ်ဆွေးနွေးရမည့်အချက်များ ကျန်ရှိသေးပြီး ညီလာခံဖြစ်မြောက်ရေး ကော်မတီများ ဖွဲ့ရမည့် အခြေအနေများလည်းရှိကြောင်း စောမြရာဇာလင်းက ပြောသည်။

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအဆင့် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးသည့် တိုင်းရင်းသားလက်နက်ကိုင် (၁၀) ဖွဲ့ရှိပြီး ယင်းအထဲမှ KNU၊ CNF၊ ABSDF တို့သည် အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားလျက်‌ရှိသည်။

လက်ရှိ စစ်ကောင်စီနှင့်ဆွေးနွေးပြီး ညီလာခံကျင်းပရန် ကြိုးစားနေသည့်အဖွဲ့များမှာ စစ်ကောင်စီနှင့်ဆက်ဆံရေးကောင်းမွန်သော လက်နက်ကိုင်အင်အားနည်း အဖွဲ့များဖြစ်ပြီး စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားမှု မရှိလောက်နည်းပါးသည့် အဖွဲ့များဖြစ်သည်။

ငြိမ်ချမ်းရေးညီလာခံ ကျင်းပရေးကိစ္စမှာ စစ်ကောင်စီနှင့် အပစ်ရပ် ၅ ဖွဲ့တို့ဖြစ်စေချင်သည့် သဘောတူညီချက်များဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အားလုံး ပါဝင်နိုင်မှအဆင်ပြေမည်ဟု နိုင်ငံရေးသုံးသပ်သူများက ရှုမြင်သည်။

မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက “ငြိမ်းချမ်းရေးညီလာခံ ဆိုတာကတော့ တစ်နိုင်ငံလုံး ငြိမ်းချမ်းဖို့အတွက် ရည်ရွယ်ထားတာဆိုတော့ အားလုံးပါမှ အဓိပ္ပာယ်က ပြည့်စုံမှာပါ။ သူ့အဓိပ္ပာယ်အတိုင်း လိုချင်တဲ့ရလဒ်တွေလည်း ဆွေးနွေးညှိနှိုင်းလို့ရမှာပေါ့။ အခု အဲဒီအဖွဲ့တွေ (တိုင်းရင်းသားလက်နက်ကိုင်အားလုံး) မပါဘူးဆိုရင် အမျိုးသားညီလာခံလို့တောင် မခေါ်နိုင်ပါဘူး။ အခုအစည်းအဝေးတက်တဲ့ ၅ ဖွဲ့လောက်နဲ့ပဲ လုပ်မယ်ဆိုရင်တော့ ဒါက တစ်နိုင်ငံလုံးကို ကိုယ်စားမပြုဘူး။ တစ်မျိုးသားလုံးကို ကိုယ်စားပြုတယ်လို့ မဆိုနိုင်ပါဘူး” ဟု ပြောသည်။

လက်ရှိတွင် မြန်မာပြည်အတွင်း စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကြား စစ်ရေးပဋိက္ခအခြေအနေများကြောင့် အားလုံးပါဝင်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်လာရန် မလွယ်ကူနိုင်ကြောင်း နိုင်ငံရေးသမားများက သုံးသပ်ကြသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံရှိ လက်နက်ကိုင်တပ်ဖွဲ့များမှာ နိုင်ငံရေးရည်မှန်းချက် မတူညီကြသဖြင့် ပါဝင်ပတ်သက်သည့် ခေါင်းဆောင်များတွင် အမှန်အကန် ဆုံးဖြတ်ချက်ချနိုင်သည့် ခေါင်းဆောင်များနှင့် လက်နက်ကိုင်တပ်အားလုံး ပါဝင်မှသာ အဆင်ပြေမည်ဟုလည်း ရခိုင်က နိုင်ငံရေးအကျဉ်းသားဟောင်း ဦးခိုင်ကောင်းစံက ပြောသည်။

“ငြိမ်းချမ်းရေးစကားဝိုင်းတွေမှာ ပြောဆိုတဲ့အခါ တကယ့်ကိုဆုံးဖြတ်ချက်ချနိုင်တဲ့ ခေါင်းဆောင်တွေ ပြောဖို့လိုတယ်။ လူမျိုးတစ်မျိုးနဲ့တစ်မျိုး၊ ပြည်နယ်တစ်ခုနဲ့တစ်ခု လိုအပ်မှုတွေက တူညီကြမှာမဟုတ်ဘူး။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ရိုးသားစွာနဲ့တွေ့ဆုံဆွေးနွေးရေးဟာ အရေးကြီးတယ်လို့ မြင်တယ်။ ငြိမ်းချမ်းရေးအတွက် လုပ်တော့လုပ်နေကြမှာပေါ့။ ဒါပေမယ့် အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေး ဖြစ်ဖို့လိုတယ်လို့ မြင်တယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ကချင်၊ ကရင်၊ ကယာ၊ ချင်း၊ မွန်၊ တနင်္သာရီ၊ ပဲခူး၊ စစ်ကိုင်း စသည့်ဒေသတို့တွင် ‌စစ်ကောင်စီတပ်နှင့် EAOs ဒေသကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းအဖွဲ့များကြား တိုက်ပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေသည်။

မြန်မာနိုင်ငံတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီခံကို ဦးသိန်းစိန်အစိုးရလက်ထက်တွင် တစ်ကြိမ် နှင့် ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်တွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်ကျင်းပနိုင်ခဲ့သည်။ သိုသော်လည်း ယင်းညီလာခံများတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး မပါဝင်နိုင်ခဲ့ပေ။

#I003 

ဗီဒီယိုများ