- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
- လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ
- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
ရခိုင်တွင် စစ်ကောင်စီက နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်ပြုသည့် ပါတီ ၅ ခုရှိလာ
စစ်ကောင်စီထံ မှတ်ပုံတင်ထားသည့် ရခိုင်ပါတီများထဲမှ ရခိုင်အမျိုးသားပါတီ ANP တစ်ခုသာ မှတ်ပုံတင်ခွင့်ပြုရန် ကျန်ရှိတော့သည်။
04 Jul 2023

DMG ၊ ဇူလိုင် ၄
စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ထားသည့် ရခိုင်ပါတီများထဲမှ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ(MNDP) ကို မှတ်ပုံတင်ခွင့်ပြုလိုက်ဖြစ်သဖြင့် ရခိုင်တွင် နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်ပြုသည့် ပါတီ ၅ ခုထိ ရှိလာပြီဖြစ်သည်။
MNDP ပါတီကို နိုင်ငံရေးပါတီများမှတ်ပုံတင်ခွင့် ဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၃ ရက်နေ့တွင် ကြေညာခဲ့သည်။
MNDP ပါတီဝင် ဦးစံထွန်းက “ပါတီတွင်းအစည်းအဝေး မလုပ်ရသေးတဲ့အတွက် လုပ်ငန်းစဉ်တွေကတော့ မသေချာသေးဘူး။ အဓိကလုပ်မှာကတော့ မြိုတိုင်းရင်းသားအခွင့်အရေးတွေကို ကာကွယ်ဖို့၊ တောင်းဆိုဖို့ တို့ပဲ ဖြစ်တယ်” ဟု ပြောသည်။
ရွေးကောက်ပွဲအတွက် ရခိုင်က အင်အားကြီးပါတီ ANP နှင့် AFP အပါအဝင် နိုင်ငံရေးပါတီ ၆ ခု မှတ်ပုံတင်ခွင့်လျှောက်ထားပြီး လက်ရှိမှာ ANP ပါတီတစ်ခုသာ မှတ်ပုံတင်ခွင့်ပြုရန် ကျန်တော့သည်။ ပါတီမှတ်ပုံတင်ရခြင်းမှာ မိမိတို့လူမျိုးကို ကိုယ်စားပြုသည့် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ရန် အတွက်ဖြစ်ကြောင်း ရခိုင်နိုင်ငံရေးပါတီများက ပြောဆိုထားကြသည်။
မြိုလူမျိုးအမျိုးသမီးတစ်ဦးက “မြို့တိုင်းရင်းသားဖွံ့ဖြိုးရေးပါတီအနေနဲ့ မှတ်ပုံတင်ရင်လည်း ကျမတို့ မြိုလူမျိုးတွေအတွက် ဘာတိုးတက်မှု၊ ဘာထိရောက်မှုမှ ရှိမယ်မထင်ပါဘူး။ စစ်ကောင်စီကို လက်ခံလို့သာ မှတ်ပုံတင်ကြတာ။ အရင်တုန်းကလည်း ကျမတို့လူမျိုးတွေအတွက် ဘာမှတိုးတက်မှုရှိအောင် မလုပ်ဖူးဘူး” ဟု ပြောသည်။
တစ်နိုင်ငံလုံးတွင် စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၅၀ ရှိပြီး ယင်းအထဲမှ ဧပြီလ ၂၀ ရက်နေ့မှ ဇူလိုင်လ ၃ ရက်နေ့ထိ နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်ခွင့်ပြုလိုက်သည့် ပါတီ ၃၀ ခန့်ရှိနေပြီဖြစ်သည်။
စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပသွားမည်ဖြစ်ပြီး အနိုင်ရပါတီကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ အာဏာလွှဲအပ်နိုင်ရေးကို မဖြစ်မနေဖော်ဆောင်မည်ဟု ပြောကြားထားကြောင်း ဇွန်လ ၁၆ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။
သို့သော် မည့်သည့်အချိန်တွင် ရွေးကောက်ပွဲကျင်းပမည်ကို ကြေညာထားခြင်း မရှိသေးပေ။
စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲအပေါ် ပြည်သူစိတ်ဝင်စားမှုနည်းပါးပြီး နိုင်ငံအတွင်း လက်ရှိဖြစ်ပျက်နေသော လက်နက်ကိုင်ပဋိပက္ခနှင့် နိုင်ငံရေးရှုပ်ထွေးမှုများကြောင့် ရွေးကောက်ပွဲ ဖြစ်လာနိုင်ခြေနည်းပါးကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားကြသည်။
#I010