လူပေါင်းခြောက်သောင်းကျော်နေထိုင်သည့် တောဖျားချောင်းဒေသတွင် ဖုန်းတာဝါတိုင်မရှိသောကြောင့် ဒေသခံများ အခက်တွေ့

ပုဏ္ဏားကျွန်းမြို့နယ်မြောက်ပိုင်းရှိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော တောဖျားချောင်းဒေသရှိ ကျေးရွာများတွင် လူမှုဆက်သွယ်ရေးတွင်အလွန်အရေးပါသည့် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ မရရှိသေးသောကြောင့် ဒေသခံများအလွန်အခက်ခဲကြုံတွေ့နေရသဖြင့် ဖုန်းတာဝါတိုင်တည်ဆောက်ပေးရန် လိုအပ်နေသည်။

07 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၇

ပုဏ္ဏားကျွန်းမြို့နယ်မြောက်ပိုင်းရှိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော တောဖျားချောင်းဒေသရှိ ကျေးရွာများတွင် လူမှုဆက်သွယ်ရေးတွင်အလွန်အရေးပါသည့် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ မရရှိသေးသောကြောင့် ဒေသခံများအလွန်အခက်ခဲကြုံတွေ့နေရသဖြင့် ဖုန်းတာဝါတိုင်တည်ဆောက်ပေးရန် လိုအပ်နေသည်။

အဆိုပါဒေသတွင် ဆင်သည်၊ ပိန္နဲတော၊ ဖာပွေ၊ သြရမ၊ အောင်မကျော်၊ သစ်ကျိုင်းတောင် စသည့်ကျေးရွာပေါင်း ၆၄ ရွာမှ လူဦးရေ ၆၀၀၀၀ ကျော်နေထိုင်ကာ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းမရ၍ ဒေသခံများမှာ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး စသည့်ကဏ္ဍတို့တွင် အခက်အခဲများရှိနေကြောင်း ဒေသခံတို့က DMG ကို ပြောသည်။

“ကိုယ်ဝန်သည်တစ်ယောက် ကလေးမွေးမယ့်အချိန် ဖုန်းလိုင်းမရတဲ့အတွက် ဆရာဝန်နဲ့လည်းအဆက်အသွယ်မရဘူးလေ။ နာရေးကိစ္စတွေမှာလည်း နာရေးအဖွဲ့ကို မပြောနိုင်တာရှိတယ်။ ပညာရေးမှာဆိုလည်း ဖုန်းလိုင်းမရတော့ အများအားဖြင့်အဆင်မပြေဘူး။ နှောင့်နှေးတာရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် အဆက်သွယ်မရှိရင် စီးပွားရေးမှာလည်း အဆက်အသွယ်ပြတ်တောက်မှုတွေရှိတယ်”ဟု ဆင်သည်ကျေးရွာသား ဦးစိုးလှိုင်ကပြောသည်။

ဒေသအတွင်း ဆက်သွယ်မှုအဆင်ပြေစေရေးအတွက် ရခိုင်စစ်ပွဲမဖြစ်ခင် ပြီးခဲ့သည့်နှစ်များက ကျေးရွာအုပ်ချုပ်ရေးမှူးများမှ သက်ဆိုင်ရာသို့တင်ပြခဲ့သော်လည်း ယနေ့ချိန်ထိ တစ်စုံတစ်ရာစီစဉ်ဆောင်ရွက်ပေးခြင်းမရှိသေးကြောင်း သစ်ကျိုင်းတောင်ကျေးရွာ ဒေသခံ ဦးကျော်မောင်ကပြောသည်။

“ဖုန်းလိုင်းတွေမရတော့ လူမှုရေး၊ စီးပွားရေး အမျိုးမျိုးဒုက္ခခံနေရတယ်။ အရေးကြီးတဲ့အချိန်တွေမှာဆိုရင် ဖုန်းလိုင်းကပြတ်တောက်နေတော့ ဖုန်းဆက်သွယ်လို့မရတော့ဘူး။ အစိုးကတော့ ဘာမှ ‌ဆောင်ရွက်ပေးတာမရှိဘူး။ ကျွန်တော်တို့အနေနဲ့ အင်တာနက်လိုင်းကိုထားပါတော့ ဖုန်းလိုင်းကိုတော့ အဓိကရစေချင်တယ်”ဟု ဦကျော်မောင်က တောင်းဆိုသည်။

အဆိုပါဒေသတွင် လက်ရှိ ပိုးရွှီပြင်ကျေးရွာ၌ တာဝါတိုင် ၁ ခုသာရှိနေပြီး ယင်းတာဝါတိုင်မှာလည်း ယင်းရွာအနီးသာရရှိကာ ဝေးလံသောကျေးရွာတို့မှာ လုံးဝအဆင်မပြေကြောင်းပြောကြသည်။

တောဖျားချောင်းဒေသ လမ်းပန်းဆက်သွယ်ရေးများမှာ ရေလမ်းခရီးဖြင့်သာ သွားလာနေရပြီး ကျန်းမားရေးအရေးကြီးကိစ္စများရှိလျှင် ဖုန်းလိုင်းမရသောကြောင့် ဒေသခံတို့နစ်နာကြောင်းလည်း ပိုးရွှီပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စိုးက DMG သို့ပြောသည်။

“ပိုးရွှီပြင်အထက်ရွာတွေက ကားလမ်းလည်းမရှိ၊ ရေလမ်းဆိုတော့ လူနာတစ်ယောက် ၁ နာရီလောက်သွားရမယ့်ခရီးကို ရေလမ်းကဆိုရင် ၅ နာရီလောက်သွားရတယ်။ အချိန်မမီတော့ မသေသင့်ပဲသေရတဲ့လူနာတွေရှိတယ်။ အစိုးရဖက်က ဒီပိုးရွှီပြင်အထက်ကျေးရွာတွေအားလုံးမှာ ဖုန်းလိုင်းရအောင်၊ လမ်းပန်းဆက်သွယ်ရေးတွေကောင်းအောင် လုပ်ပေးစေချင်တယ်”ဟု ၎င်းကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို DMG ကဆက်သွယ် မေးမြန်းခဲ့ရာတွင် ၎င်းအနေဖြင့် ယင်းကိစ္စကိုမသိရသေးကြောင်းနှင့် ဆက်သွယ်ရေးဌာနကို မေးမြန်းရန်ပြောဆိုသည့်အတွက် DMG ကဆက်သွယ်ရေးဌာနသို့ မေးမြန်ရန်ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

ဗီဒီယိုများ