ပုဏ္ဏားကျွန်း ဆင်အင်းကြီးရွာသား ၉ ဦး သတ်ဖြတ်ခံရမှုတွင် တရားမျှတမှု ပျောက်ဆုံးနေ

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာမှ ဒေသခံ ၉ ဦး သတ်ဖြတ်ခံရမှုမှာ ယနေ့ နိုဝင်ဘာလ ၁၀ ရက်တွင် တစ်နှစ်ပြည့်ခဲ့ပြီဖြစ်သော်လည်း တရားမျှတမှု ပျောက်ဆုံးနေဆဲဟု သေဆုံးသွားသူများ၏ မိသားစုဝင်များက ပြောသည်။ 

By Admin 10 Nov 2023

အသတ်ခံရသူများအတွက် ဆင်အင်းကြီးရွာသားများက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ရေစက်ချအမျှဝေပြီး ကောင်းမှုကုသိုလ်ပြုလုပ်ကြစဉ်။ ဓာတ်ပုံ - ကျောက်ချိုင်
အသတ်ခံရသူများအတွက် ဆင်အင်းကြီးရွာသားများက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ရေစက်ချအမျှဝေပြီး ကောင်းမှုကုသိုလ်ပြုလုပ်ကြစဉ်။ ဓာတ်ပုံ - ကျောက်ချိုင်

DMG ၊ နိုဝင်ဘာ ၁၀

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာမှ ဒေသခံ ၉ ဦး သတ်ဖြတ်ခံရမှုမှာ ယနေ့ နိုဝင်ဘာလ ၁၀ ရက်တွင် တစ်နှစ်ပြည့်ခဲ့ပြီဖြစ်သော်လည်း တရားမျှတမှု ပျောက်ဆုံးနေဆဲဟု သေဆုံးသွားသူများ၏ မိသားစုဝင်များက ပြောသည်။ 

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်၏ ယာဉ်တန်းတစ်ခုကို ရက္ခိုင့်တပ်တော်(AA)က ဆင်းအင်းကြီးရွာအနီးတွင် တိုက်ခိုက်ခဲ့သည်။ ယင်းနောက် ညနေပိုင်းတွင် ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ခမရ (၅၅၀) တပ်ရင်းမှ စစ်ကောင်စီစစ်ကြောင်းသည် ဆင်အင်းကြီးကျေးရွာသို့ ဝင်ရောက်ပြီး ကျေးရွာသား ၉ ဦးကို သတ်ဖြတ်ခဲ့သလို နေအိမ် ၉ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။ 

“အသတ်ခံရလို့ သေသွားတဲ့သူမှာတော့ ဆုံးတာပဲ။ ဒီနေ့အထိလည်း ဘာတရားမျှတမှုမှ မရရှိသေးဘူး။ ယောက်ျားရော၊ နေအိမ်ပါ ဆုံးရှုံးလိုက်ရတော့ ဘဝမှာ ဒီထက်ဆုံးရှုံးစရာ မရှိလောက်အောင် ခံစားရတယ်။ ကျန်ခဲ့တဲ့သားသမီးသုံးယောက်နဲ့ မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်နေရတယ်” ဟု သေဆုံးသွားသူ ဦးမောင်မောင်သိန်း၏ ဇနီး ဒေါ်လှိုင်မေနုက ပြောသည်။ 

သတ်ဖြတ်ခံရသူများမှာ ဦးမောင်မောင်သိန်း (၄၁ နှစ်)၊ ဦးမောင်စံလှ (၃၈ နှစ်)၊ ဦးခင်မောင် (၅၅ နှစ်)၊ ဦးဦးကျော်ဇံ (၆၅ နှစ်)၊ ဦးမောင်ကျော်သိန်း( ၆၅ နှစ်)၊ ဒေါ်မေနု(၅၀ နှစ်)၊ ဒေါ်မကြီး(၉၀ နှစ်)၊ ဦးမှဲ့နီ (၅၆ နှစ်) နှင့် ဦးကျော်နိုင် (၅၄ နှစ်) တို့ ဖြစ်သည်။ သေဆုံးရုပ်အလောင်းများတွင် သေနတ်ဒဏ်ရာ၊ ဓားဒဏ်ရာများ တွေ့ရှိရကြောင်း မျက်မြင်ဒေသခံများက ပြောဆိုထားကြသည်။ 

သတ်ဖြတ်ခံရသူများထဲတွင် အိမ်ထောင်ဦးစီး အများဆုံးပါဝင်သဖြင့် ကျန်ခဲ့သည့် မိသားစုဝင်များမှာ စားဝတ်နေရေး ကျပ်တည်းမှုနှင့် ရင်ဆိုင်နေကြရသည်။ 

လင်ယောက်ျားဖြစ်သူကို ရည်စူးပြီး အလှူဒါနများ ပြုလုပ်လိုသော်လည်း စားဝတ်နေရေး ကျပ်တည်းမှုကြောင့် ကောင်းမှုကုသိုလ်ပြုလုပ်ရန်ပင် အခက်အခဲရှိနေသည်ဟု သေဆုံးသွားသူ ဦးမောင်စံလှ၏ ဇနီး ဒေါ်ဝင်းသန်းဌေးက ပြောသည်။ 

“သေဆုံးမှုတစ်နှစ်ပြည့်မှာ သူ့အတွက်ရည်စူးပြီး လှူဒါန်းမှုတွေ ပြုလုပ်ချင်တယ်။ ဒါပေမဲ့ ယောက်ျားမရှိတော့ ကလေး ၄ ယောက်နဲ့အတူ စားဝတ်နေရေးကျပ်တည်းမှုက တော်တော်လေးကို ဆိုးရွားနေလို့ လှူဒါန်းမှုလည်း မလုပ်နိုင်ဘူး။ ငွေကြေးမတတ်နိုင်လို့ သမီးကြီးကိုလည်း ကျောင်းထုတ်လိုက်ရတယ်” ဟု သူက ပြောသည်။

ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ(၅၅၀)တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် ဆင်အင်းကြီးကျေးရွာမှ အပြစ်မဲ့ပြည်သူ ၉ ဦးထက်မနည်းကို ပစ်သတ်ခဲ့သည်ဟု  ရက္ခိုင့်တပ်တော်(ULA/AA)က ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်က ယနေ့အချိန်ထိ တစ်စုံတစ်ရာ တုံ့ပြန်ခြင်းများ မရှိသေးပေ။ 

“ဒီနေ့အထိ ဘာအကျိုးအကြောင်းမှ လာပြောတာ မရှိဘူး။ တရားမျှတမှုဆိုတာလည်း မရှိသေးဘူး။ သတ်ဖြတ်ခံရမှုအတွက် လုံးဝကို ကျေနပ်မှုမရှိဘူး။ ကျူးလွန်သူတွေကို ထိရောက်တဲ့ အရေးယူမှုတွေကို လုပ်စေချင်တယ်” ဟု အသတ်ခံရ၍သေဆုံးသွားသူ ဦးမောင်ကျော်သိန်း၏ ဇနီးဒေါ်နုစိန်က ပြောသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ဆင်အင်းကြီးကျေးရွာနှင့် ပဒေသာကျေးရွာအနီး စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် ပုဏ္ဏားကျွန်း အခြေစိုက် ခမရ ၅၅၀ တပ်ရင်းနှင့် စစ်တွေအခြေစိုက် ခလရ ၂၃၂ တပ်ရင်းမှ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒီပါရုံ ကျေးရွာသားနှစ်ဦးလည်း သေဆုံးခဲ့ရသည်။ ယင်းအပြင် အနီးအနားရှိ ကွမ်းတောင်၊ အိုင်ဒင်နှင့် ငှက်ကြီးကျွန်းကျေးရွာတို့မှ ဒေသခံ ၄ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် AA တို့၏ တကျော့ပြန်တိုက်ပွဲများမှာ လေးလခန့်ကြာ ဖြစ်ပွားခဲ့ပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် နှစ်ဖက်နားလည်မှုဖြင့် အပစ်ရပ်တန့်ခဲ့သည်။

တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်ပြည်နှင့် ပလက်ဝမြို့နယ်တို့တွင် မြန်မာစစ်တပ်က လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်မှုကြောင့် စက်တင်ဘာလ ၂၀ ရက်နေ့မှ နိုဝင်ဘာလ ၂၇ ရက်နေ့အထိ ပြည်သူ ၂၆ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၁၁ ဦးအထိရှိခဲ့ကြောင်း AA က ပြောဆိုထားသည်။ 

#D007 #DMG 

ဗီဒီယိုများ