မြောက်ဦးထွေအုပ်အရာရှိ ၃ ဦးကို AA ဖမ်းဆီးပြီးနောက် မြို့ခံလုပ်ငန်းရှင်တစ်ဦးကို စစ်ကောင်စီဖမ်းဆီး

ထွေအုပ်အရာရှိများကို AA က ဖမ်းသွားပြီးနောက်တစ်နေ့ ယနေ့ ဒီဇင်ဘာ ၄ ရက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်သားများသည် မြောက်ဦးမြို့အတွင်းလှည့်လည်ကာ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

By Admin 04 Dec 2023

မြောက်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (File Photo/2023)
မြောက်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (File Photo/2023)

DMG ၊ ဒီဇင်ဘာ ၄

ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိ ၃ ဦးကို ရက္ခိုင့်တပ်တော်(AA)က ဒီဇင်ဘာလ ၃ ရက်တွင် ဖမ်းဆီးသွားကြောင်း ထွေအုပ်ဝန်ထမ်းအသိုင်းအဝိုင်းမှ သိရသည်။ မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်ရှိ ထွေအုပ်ဝန်ထမ်းအိမ်ရာသို့ AA တပ်ဖွဲ့များက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။ 

“ခရိုင်က နှစ်ယောက်နဲ့ မြို့နယ်က တစ်ယောက်လို့ သိရပါတယ်။ AA ဘက်က လူတွေက မနက်ပိုင်းတစ်ကြိမ် ရောက်လာတယ်။ ပြီးတော့ ညနေတစ်ကြိမ် ရောက်လာတဲ့အခါ ခေါ်သွားတယ်လို့ သိရပါတယ်။ ထွေအုပ်က စာအုပ်စာတန်းတွေလည်း သိမ်းသွားတယ်လို့ သိရပါတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထွေအုပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက DMG ကို အတည်ပြုပြောသည်။ 

ဖမ်းဆီးခံရသူများမှာ ခရိုင်ထွေအုပ် လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းကျော်၊ ဦးစီးအရာရှိ ဦးမောင်မောင်လေးနှင့် မြိုနယ်ထွေအုပ် ဒု-ဦးစီး ဦးအာကာဦး တို့ဖြစ်ကြောင်း DMG က စုံစမ်းသိရှိရသည်။ 

ထွေအုပ်အရာရှိများကို AA က ဖမ်းသွားပြီးနောက်နောက်တစ်နေ့ ယနေ့ ဒီဇင်ဘာ ၄ ရက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်သားများသည် မြောက်ဦးမြို့အတွင်းလှည့်လည်ကာ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ ယင်းနောက်တွင် မြောက်ဦးမြို့မှ ဟိုတယ်ပိုင်ရှင်၊ သစ်စက်ပိုင်ရှင် မြို့ခံတစ်ဦးကို ဖမ်းဆီးသွားကြောင်း မျက်မြင်များက ပြောသည်။ 

မျက်မြင်အမျိုးသားတစ်ဦးက “၄ နာရီကျော်လောက်က ဖမ်းသွားတာပါ။ စစ်သားတွေတန်းစီပြီး မြို့ထဲက ပြန်လာတဲ့အခါ သူက ကိုယ့်အိမ်ခြံတံခါးကို ပိတ်နေတာ။ အဲ့ဒီမှာ ဘာအကြောင်းမှန်းမသိပဲ ဖမ်းသွားတာပါ” ဟု ပြောသည်။ဖမ်းဆီးခံရသူမှာ အောင်တပ်အုပ်စု၊ ဗန္ဓုလရပ်ကွက်၊ မောလိပ်ကန်ရှေ့က သစ်စက်ပိုင်ရှင် ဦးအောင်ကျော်မြ၊ အသက်(၅၅) နှစ်ဖြစ်သည်။ 

ယနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်သားများသည် ဗန္ဓုလတံတား၊ စံကားတောင်၊ ဝါးဈေးရပ်ကွက်၊ စပါးဆိပ်ရပ်ကွက်နှင့် ကျောက်ရာဇ်ကေရပ်ကွက်၊ ညောင်ပင်ဈေးရပ်ကွက်၊ ကြက်ဈေး ရပ်ကွက်၊ တောင်ရပ် ရပ်ကွက်တို့တွင် လှည့်လည် သွားလာပြီး လက်နက်ငယ် အချက် ၅၀ ထက်မနည်း ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ 

မြောက်ဦးမြို့တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲဖြစ်ပွားမှု မရှိသေးသော်လည်း နှစ်ဖက်စစ်ရေးလှုပ်ရှားမှုများရှိနေပြီး စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသဖြင့် ဒေသခံများမှာ စိုးရိမ်မှုများ ရှိနေကြသည်။ 

ရခိုင်ပြည်တွင် နိုဝင်ဘာ ၁၃ ရက်မှစပြီး စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်လာသည်နှင့်တပြိုင်နက် စစ်ကောင်စီက ဒေသခံနေအိမ်များအား ညအချိန်ဝင်ရောက်ကာ ဖမ်းဆီးခြင်းများ ဆက်တိုက်လုပ်နေသည်။ 

ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ စစ် တွေ၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး စသည့် မြို့နယ်များမှ ဒေသခံ ၇၀ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးထားပြီး AA ကလည်း စစ်ကောင်စီယန္တရား၏ အဓိကအချက်အချာ ထွေအုပ်အရာရှိများကို ဖမ်းဆီးလာခြင်းဖြစ်သည်။

#D003 #DMG

ဗီဒီယိုများ