- ၃၄၄ အမြောက်တပ် တိုက်ခိုက်ခံရပြီးနောက် ရေကြည်တွင် စစ်ကောင်စီ အထိုင်ချခံစစ်ပြင်ထား
- ကျောက်ဖြူ၊ ရဲတပ်ရင်းတိုက်ပွဲ ပြင်းထန်နေဆဲ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား လက်နက်ချ
- AA နှင့် ဒေသခံများ ကြိုးပမ်းနေသည့် တောင်ကုတ်မြို့ ပြန်လည်ထူထောင်ရေး
- ရေကြည်တွင် AA ပူးပေါင်းတပ်များ အမတ ၃၄၄ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေ
- ကျောက်ဖြူမြို့အနီး တိုက်ပွဲကပ်လာ၍ မြို့ပေါ်လုံခြုံရေး စစ်ကောင်စီ ပိုတင်းကျပ်
စစ်တွေဒေသခံ ၇ ဦးကို စစ်ကောင်စီနှင့် ALP တို့ ပူးပေါင်းဖမ်းဆီး
မတ် ၃၀ ရက်၊ ည ၅ နာရီခန့်တွင် စစ်ကောင်စီနှင့် ALP ပူးပေါင်းတပ်ဖွဲ့ဝင်များသည် စစ်တွေမြို့၊ ဆင်းကူးလမ်းရပ်ကွက်မှ ဦးအောင်သောင်းရွှေ (၃၇) နှစ် အပါအဝင် ဒေသခံ ၇ ဦးကို နေအိမ်အတွင်း လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။
31 Mar 2025

DMG ၊ မတ် ၃၁
စစ်ကောင်စီ ထိန်းချုပ်ထားဆဲ စစ်တွေမြို့တွင် စစ်ကောင်စီနှင့် စောမြရာဇာလင်း ဦးဆောင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ပူးပေါင်းတပ်ဖွဲ့ဝင်တို့က ဒေသခံ ၇ ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။
မတ် ၃၀ ရက်၊ ည ၅ နာရီခန့်တွင် စစ်ကောင်စီနှင့် ALP ပူးပေါင်းတပ်ဖွဲ့ဝင်များသည် စစ်တွေမြို့၊ ဆင်းကူးလမ်းရပ်ကွက်မှ ဦးအောင်သောင်းရွှေ (၃၇) နှစ် အပါအဝင် ဒေသခံ ၇ ဦးကို နေအိမ်အတွင်း လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။
“ဆင်းကူးလမ်းရပ်ကွက်က ဒေသခံ ၇ ယောက်ကို အိမ်စီးကားနဲ့ လာခေါ် သွားတာလို့ သိရတယ်။ ဘာကြောင့်မှန်းတော့ မသိဘူး” ဟု စစ်တွေဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိတွင် ယင်းဒေသခံ ၇ ဦးကို မည်သည့်နေရာ၌ ထိန်းသိမ်းထားသည်ကို မသိရှိရကြောင်းနှင့် မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည်ကိုလည်း မိသားစုဝင်များက မသိရှိ ရသေးပေ။
ဆင်းကူးလမ်းရပ်ကွက်မှ ဒေသခံ အမျိုးသမီးတစ်ဦးကလည်း “ဖမ်းဆီးခံရတယ်လို့ ကြားမိပါတယ်။ ဒါပေမယ့် ဖုန်းအဆက်သွယ်မရတာကြောင့် အတိကျ မပြောနိုင်သေးဘူး” ဟု ဆိုသည်။
အလားတူ ပြီးခဲ့သည့် မတ် ၂၅ ရက်နေ့ကလည်း AA ကို သတင်းပေးသည်ဟုဆိုကာ စစ်တွေမြို့မှ မာရမာကြီးလူမျိုး အမျိုးသား ၃ ဦးကို ALP တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့သည်။
ALP ထံ ဖမ်းဆီးခံရသူများမှာ ဦးရီမောင် (၆၂) နှစ်၊ ကိုဇူနီကာ (၃၈) နှစ်၊ ကိုကာလာဘီ (၂၆) နှစ်တို့ ဖြစ်ပြီး ၎င်းတို့ကို ALP ရုံးချုပ်၌ ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ALP နှင့် စစ်ကောင်စီထံ ဖမ်းဆီးခံရသည့် ဒေသခံများမှာ ပြန်လည်လွတ်မြောက်လာခြင်းမရှိဘဲ စစ်သင်တန်းပေးခြင်းများခံနေရသလို စစ်တွေအခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) နှင့် ရဲတပ်ရင်း (၁၂) သို့ ပို့ဆောင်မှုရှိနေ၍ ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များမှာ စိုးရိမ်မှုများ ဖြစ်နေကြသည်။
လက်ရှိတွင် စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီနှင့် AA တို့သည် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများဖြင့် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တွေမြို့ကို စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထား၍ ဒေသခံအများအပြားမှာ မြို့တွင်း၌ ပိတ်မိနေကြသည်။