ရခိုင်တွင် မိုင်းနင်းမိ၍ အရပ်သား ထိခိုက်သေဆုံးမှု မြင့်တက်

ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲကာလအတွင်း မြေမြုပ်မိုင်းနင်းမိ၍ အရပ်သား ထိခိုက်သေဆုံးမှုမှာ မြင့်တက်လာနေပြီး ယခုလအတွင်း မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးအထိ ရှိလာသည်။ 

By Admin 17 Mar 2024

ကျောက်ဖြူမြို့နယ်၊ မင်းတက်တောင်ကျေးရွာမှ မိုင်းနင်းလူနာအား ဆေးရုံသို့ ပို့ဆောင်စဉ်။ ဓာတ်ပုံ - APM 
ကျောက်ဖြူမြို့နယ်၊ မင်းတက်တောင်ကျေးရွာမှ မိုင်းနင်းလူနာအား ဆေးရုံသို့ ပို့ဆောင်စဉ်။ ဓာတ်ပုံ - APM 

တိုက်ပွဲစတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ မတ် ၁၆ ရက်ထိ ၄ လကျော်အတွင်း မြို့ပေါ်/ မြို့အနီးအနားနှင့် ကျေးလက်ဒေသတို့တွင် မိုင်းနင်းမိ၍ သေဆုံးသူ ၂ ဦးနှင့် ဒဏ်ရာရသူ ၂၀ ဦး ရှိကြောင်း DMG က ပြုစုထားသောစာရင်းအရ သိရသည်။ (မြေပြင်တွင် ယခုစာရင်းထက် ပိုများနိုင်ပါသည်)

သေဆုံးသွားသူများမှာ ဘူးသီးတောင်မှ ၁ ဦး၊ မောင်တောမှ ၁ ဦးဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ မင်းပြား ၄ ဦး၊ မြေပုံ ၄ ဦး၊ ကျောက်ဖြူ ၄ ဦး၊ ကျောက်တော် ၂ ဦး၊ ရသေ့တောင် ၂ ဦး၊ မောင်တော ၂ ဦး၊ ဘူးသီးတောင် ၁ ဦးနှင့် အမ်း ၁ ဦးဖြစ်သည်။ 

ရခိုင်ဒေသခံများမှာ စစ်ကောင်စီတပ်သားများ စခန်းချခဲ့သည့်နေရာများ၊ တပ်စခန်းနှင့် ရဲစခန်းအနီးအနားတို့ကို အကြောင်းအမျိုးမျိုးကြောင့် သွားလာလှုပ်ရှားမိရာမှ မိုင်းနင်းမိ၍ ထိခိုက်သေဆုံးမှုများ ရှိနေခြင်းဖြစ်သည်။

“ကျနော်တို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လေကြောင်းအန္တရာယ်ကို စိုးရိမ်နေရတယ်။ ပြီးရင် စစ်ကောင်စီကထောင်ထားတဲ့ မိုင်းတွေကို သွားရင်းလာရင်းနဲ့ နင်းမိမှာကိုလည်း ကြောက်နေရတယ်။ အသက်အန္တရာယ်က လုံခြုံမှုမရှိတော့ဘူး” ဟု ရခိုင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။  

စစ်ကောင်စီသည် မြေမြုပ်မိုင်း၊ နင်းမိုင်း၊ စွန့်လွှတ်မိုင်း၊ တိုက်မိုင်းနှင့် ထောင်မိုင်းများကို ၎င်းတို့၏ တပ်စခန်းများအနီးအနားတွင်သာမက အရပ်သားပြည်သူများနေထိုင်ရာ မြို့ရွာများ၊ စာသင်ကျောင်းများနှင့် သာသနိကအဆောက်အအုံများအပါအဝင် အများပြည်သူသွားလာသည့် နေရာများတွင် ထောင်ထားတတ်သဖြင့် အထူးသတိထား သွားလာကြရန် ညီနောင်မဟာမိတ်(၃)ဖွဲ့က အသိပေးထုတ်ပြန်ထားသည်။ 

မတ်လ ၁၃ ရက်က မင်းပြားမြို့နယ်၊ ကျားရဲပြင်ကျေးရွာမှ အမျိုးသမီးတစ်ဦးမှာ ရွာအနီးတွင် ထင်းရှာနေစဉ် မိုင်းနင်းမိ၍ ဘယ်ဖက်ခြေထောက် ပြတ်ထွက်သွားခဲ့သည်။ ယင်းနေ့တွင်ပင် မြေပုံမြို့၊ ကံသာထွက်ဝရပ်ကွက်မှ အမျိုးသားတစ်ဦးမှာလည်း မြို့အနီးတွင် မိုင်းနင်းမိ၍ ညာခြေပြတ်ထွက်သွားပြီး ဘယ်ဖက်ခြေထောက်မှာလည်း ထိခိုက်ဒဏ်ရာရရှိသွားသည်။ 

မတ်လ ၁၁ ရက်ကလည်း ကျောက်ဖြူမြို့၊ အရာရှိရပ်ကွက်မှ ဒေသခံအမျိုးသားတစ်ဦးနှင့် မင်းတက်တောင် ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးမှာ မိုင်းနင်းမိ၍ ဘယ်ခြေထောက်များ ပြတ်ထွက်သွားခဲ့သည်။ 

ကျောက်ဖြူမြို့ခံ  အမျိုးသားတစ်ဦးက “အခုဆို မြို့အနီးအနားက ကျေးရွာတွေမှာ မိုင်းပေါက်ကွဲလို့ ထိခိုက်ဒဏ်ရာရတာတွေ ရှိလာတယ်။ မိုင်းအန္တရာယ်ကို မြို့ထဲဧရိယာမှာတော့ စိုးရိမ်စရာ မရှိပေမယ့် မြို့ပြင်ကို ထွက်လိုက်လို့ရှိရင် ဘယ်ခြေလှမ်းမှာ အသက်ပါသွားမလဲ ဆိုတဲ့အထိ စိုးရိမ်ရတဲ့အခြေအနေဖြစ်နေပြီ” ဟု  ပြောသည်။ 

ပြည်သူများအနေဖြင့် တိုက်ပွဲဖြစ်ပွားသည့်နေရာများ၊ စစ်ကောင်စီက လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်နေသည့် နေရာများသို့ မလွှဲမရှောင်သာ သွားလာရမည်ဆိုပါက သတိထားသွားလာကြရန်၊ စစ်ကောင်စီ၏ စွန့်လွှတ်မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများသည် အချိန်မရွေးပေါက်ကွဲတက်သဖြင့် စစ်အသုံးအဆောင်ပစ္စည်းများကို ကိုင်တွယ်ခြင်းမပြုရန် ညီနောင်သုံးဖွဲ့က အထူးသတိပေးထားသည်။ 

ရခိုင်ပြည်တွင် စစ်ရေးအရ အဘက်ဘက်မှ ရှုံးနိမ့်နေရသည့် စစ်ကောင်စီသည်   အရပ်သားပြည်သူများနေထိုင်ရာ မြို့ရွာများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်း၊ လက်နက်ကြီများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ပြည်သူများသွားလာလှုပ်ရှားရာ နေရာများတွင် မိုင်းထောင်ခြင်းများကြောင့် အရပ်သားထိခိုက်သေဆုံးမှုမှာ မြင့်တက်လာနေသည်။ 

ဗီဒီယိုများ