မောင်တောနယ်စပ်က ရန်အောင်မြင်စခန်းကို AA သိမ်းပိုက်

ရခိုင်ပြည်၊ မောင်တောမြို့နယ်က စစ်ကောင်စီ၏ တပ်စခန်းတစ်ခုဖြစ်သော ရန်အောင်မြင်စခန်းကို မတ်လ ၂၃ ရက်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA) က ထုတ်ပြန်သည်။ 

By Admin 24 Mar 2024

ရသေ့တောင်မြို့ကို သိမ်းပိုက်ထိန်းချုပ်ပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk
ရသေ့တောင်မြို့ကို သိမ်းပိုက်ထိန်းချုပ်ပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk

စစ်ကောင်စီရုပ်အလောင်း၊ စစ်အသုံးအဆောင်များနှင့် လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

မောင်တောမြို့နယ်ရှိ ကြိမ်ချောင်းနယ်ခြားစောင့်စခန်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေသည့်ကာလအတွင်း ကြိမ်ချောင်းအနောက်ဘက်ရှိ ရန်အောင်မြင်စခန်းကို သိမ်းပိုက်ရရှိယူနိုင်ခဲ့ခြင်း ဖြစ်သည်။ 

ကြိမ်ချောင်းစခန်းကို ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ပြီး တိုက်ခိုက်နေသည်မှာ တစ်လနီးပါး ကြာမြင့်လာပြီဖြစ်ကာ စခန်းတစ်ခုလုံးအား အပြီးသတ်သိမ်းပိုက်နိုင်ရေး စစ်အရှိန်မြှင့်တိုက်ခိုက်နေသည်ဟု AA ကဆိုသည်။ 

ထိုးစစ်အရှိန် မြှင့်တင်တိုက်ခိုက်ခဲ့သည့် နှစ်ရက်တာအတွင်း ကြိမ်ချောင်းစခန်းကို အတိုင်းအတာတစ်ခုအထိ သိမ်းပိုက်ရယူထားနိုင်ပြီဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ယင်းအပြင် မောင်တောမြို့နယ်က တမန်းသားစခန်းကိုလည်း ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ထိုစခန်းမှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်သား ၂၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု AA က ဆိုသည်။ 

မောင်တော၊ ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ကာ မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ရေးအတွက် ရက္ခိုင့်တပ်တော်(AA)က စစ်အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်တိုက်လျက်ရှိသည်။ 

ရခိုင်စစ်ပွဲ လေးလကျော်အတွင်း ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံနှင့် ရမ်းဗြဲမြို့နယ်အပြင် ပလက်ဝမြို့နယ်ကို AA က သိမ်းပိုက်ထိန်းချုပ်ထားသည်။ 

ဗီဒီယိုများ