လမ်းပိတ်ထားသဖြင့် ပလက်ဝက အဝေးသင်ကျောင်းသား ၂၀၀ ကျော် အိမ်မပြန်နိုင်သေး

ကျောက်တော် - ပလက်ဝ ရေကြောင်းလမ်းကို နိုဝင်ဘာ ၁၃ ရက်မှစ၍ စစ်ကောင်စီက ပိတ်ထားသဖြင့် ပလက်ဝက ကျောင်သားများမှာ နေရပ်မပြန်နိုင်ဘဲ ပိတ်မိနေကြခြင်းဖြစ်သည်။ 

By Admin 24 Nov 2023

နေရပ်ပြန်နိုင်ရေးအတွက် စစ်တွေတက္ကသိုလ်တွင် ထောက်ခံစာလာယူကြသော ကျောင်းသား/သူများအား နိုဝင်ဘာ ၁၈ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - CJ)
နေရပ်ပြန်နိုင်ရေးအတွက် စစ်တွေတက္ကသိုလ်တွင် ထောက်ခံစာလာယူကြသော ကျောင်းသား/သူများအား နိုဝင်ဘာ ၁၈ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - CJ)

DMG ၊ နိုဝင်ဘာ ၂၄

စစ်ကောင်စီက လမ်းပိတ်ထားသဖြင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ အဝေးသင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၂၀၀ ကျော်မှာ ရခိုင်ပြည်၊ ကျောက်တော်မြို့တွင်ပိတ်မိကာ နေရပ်မပြန်နိုင်ဖြစ်နေကြသည်။ 

ကျောင်းသား/သူများမှာ ပလက်ဝမြို့ပေါ်နှင့် ကျေးရွာအချို့မှဖြစ်ပြီး စစ်တွေတက္ကသိုလ်တွင် စာမေးပွဲဖြေပြီးနောက် တက္ကသိုလ်ထောက်ခံချက်ဖြင့် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ကျောက်တော်မြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။ 

“ဆွေမျိုးရှိတဲ့သူတွေက ဆွေမျိုးအိမ်မှာနေကြတယ်။ ဆွေမျိုးမရှိသူတွေကတော့ တည်းခိုခန်းတွေမှာ နေကြရတယ်။ ပိုက်ဆံကလည်း ပြတ်လာပြီဆိုတော့ အခက်ခဲတွေက အရမ်းရှိတယ်။ ထမင်းတောင် တစ်ရက်မှာ တစ်နပ်ပဲစားနိုင်တဲ့ အခြေအနေဖြစ်နေကြပြီ” ဟု ပိတ်မိနေသည့် အဝေးသင်ကျောင်းသားတစ်ဦးက ပြောသည်။

ကျောက်တော် - ပလက်ဝ ရေကြောင်းလမ်းကို နိုဝင်ဘာ ၁၃ ရက်မှစ၍ စစ်ကောင်စီက ပိတ်ထားသဖြင့် ပလက်ဝက ကျောင်သားများမှာ နေရပ်မပြန်နိုင်ဘဲ ပိတ်မိနေကြခြင်းဖြစ်သည်။ ထို့ကြောင့် နေရပ်ပြန်နိုင်ရေးအတွက် အာဏာပိုင်များအနေဖြင့် အမြန်ဆုံး စီစဉ်ပေးရန် ကျောင်းသားများက တောင်းဆိုနေကြသည်။ 

“ဘယ်နေ့သွားရမယ်ဆိုတာလည်း မသိရသေးဘူး။ ကျမကတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ပလက်ဝက ကျောင်းသား၊ ကျောင်းသူတွေ အိမ်ပြန်လို့ရအောင် လမ်းဖွင့်ပေးစေချင်တယ်” ဟု ပိတ်မိနေသည့် အဝေးသင်ကျောင်းသူတစ်ဦးက ပြောသည်။

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA) တို့ တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားလာပြီးနောက် ရခိုင်ပြည်နှင့် ပလက်ဝမြို့နယ်တွင် ကုန်လမ်း၊ ရေလမ်းအားလုံးကို စစ်ကောင်စီက ပိတ်ဆို့ထားသည်။

တိုက်ပွဲပြင်းထန်နေဆဲ ပေါက်တောမြို့နယ်မှ ကျောင်းသားများမှလွဲ၍ တခြားမြို့နယ်များမှ ကျောင်းသား/သူများကို စစ်တွေတက္ကသိုလ်၏ ထောက်ခံချက်ဖြင့် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် စစ်ကောင်စီက လမ်းဖွင့်ပေးခဲ့သည်။ 

ပလက်ဝမြို့မှ ကျောင်းသားမိဘတစ်ဦးက “ကလေးတွေက ကျောက်တော်မှာရောက်နေကြပြီ။ လမ်းပိတ်ထားတော့ လာလို့မရဘဲဖြစ်နေကြတာ။ အဲဒီမှာ ကလေးတွေက တော်တော်လေးကို အခက်အခဲဖြစ်နေကြတယ်လို့ ပြောတယ်။ မိဘတွေမှာတော့ အိမ်ရောက်ပြီးမှ စိတ်ချနိုင်မယ်” ဟု ပြောသည်။

ပလက်ဝမြို့နယ်တွင် စစ်ကောင်စီဗျုဟာတပ်စခန်းများကို နိုဝင်ဘာလ ၁၄ ရက်မှစပြီး AA က ထိုးစစ်ဆင်တိုက်ခိုက်နေ၍ စစ်ကောင်စီဘက်ကလည်း ရဟတ်ယာဉ်၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ခုခံတိုက်ခိုက်ကာ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်။ 

#D007 #DMG

ဗီဒီယိုများ