စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်နေ၍ ဒါးလက်ချောင်းဒေသခံ ၆,၀၀၀ ခန့် ထွက်ပြေးနေရ 

တောဟိန်းတောင်ပေါ်ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကဇုကိုင်းအုပ်စု၊ သက်ကံထောင့်ကျေးရွာမှ ဒေသခံ ၁ ဦးသေဆုံးခဲ့ပြီး၊ ဒါးလက်ချောင်းအုပ်စု၊ အလယ်ကျွန်းကျေးရွာမှ ဒေသခံ ၆ ဦး ဒဏ်ရာရရှိခဲ့သည်။

By Admin 02 Dec 2023

စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ထွက်ပြေးတိမ်းရှောင်နေကြသည့် အမ်းဒေသခံအချို့အား တွေ့ရစဉ်။ 
စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ထွက်ပြေးတိမ်းရှောင်နေကြသည့် အမ်းဒေသခံအချို့အား တွေ့ရစဉ်။ 

DMG ၊ ဒီဇင်ဘာ ၂ 

ရခိုင်ပြည်၊ အမ်းမြို့နယ်၊ ဒါးလက်အုပ်စုနှင့် ကဇုကိုင်းအုပ်စုရှိ ကျေးရွာ ၁၅ ရွာခန့်မှ ဒေသခံ ၆,၀၀၀ ခန့်မှာ လက်နက်ကြီးအန္တရာယ်ကို စိုးရိမ်ကြောက်လန့်သဖြင့် လုံခြုံမည့်နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။ 

ကဇုကိုင်းအုပ်စုရှိ တောဟိန်းတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီ၏ ခမရ ၃၇၁၊ ၃၇၂၊ ၃၇၃ တပ်ရင်းတို့မှ နေ့စဉ်နှင့်အမျှ လက်နက်ကြီးပစ်ခတ်နေမှုကြောင့် ကဇုကိုင်းအုပ်စုရှိ ကျေးရွာ ၅ ရွာမှ ဒေသခံ ၉၀၀ ကျော်နှင့် ဒါးလက်အုပ်စုရှိ ကျေးရွာ ၁၀ ကျော်မှ ဒေသခံ ၅,၀၀၀ ခန့်မှာ ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်သည်။ 

“အဲဒီတပ်ရင်းတွေက လက်နက်ကြီးတွေနဲ့ လှမ်းပစ်တဲ့အတွက် ထွက်ပြေးနေရတယ်။ ကျနော်တို့ အခုရောက်နေတဲ့ ရွာတွေက တအားဝေးလံခေါင်ပါးတဲ့ နေရာဖြစ်တဲ့အတွက် စားဝတ်နေရေး အခက်အခဲတွေ ရှိကြတယ်” ဟု ဒါးလက်အုပ်စုရှိ ရွာမကျေးရွာသားတစ်ဦးက ပြောသည်။

တောဟိန်းတောင်ပေါ်ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကဇုကိုင်းအုပ်စု၊ သက်ကံထောင့်ကျေးရွာမှ ဒေသခံ ၁ ဦးသေဆုံးခဲ့ပြီး၊ ဒါးလက်ချောင်းအုပ်စု၊ အလယ်ကျွန်းကျေးရွာမှ ဒေသခံ ၆ ဦး ဒဏ်ရာရရှိခဲ့သည်။ ဒီဇင်ဘာ ၁ ရက်ကလည်း စစ်ကောင်စီ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ဒါးလက်အုပ်စု ရွာဟောင်းကျေးရွာမှ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိသွားသည်။  

လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေကြသည့် ကျေးရွာများမှာ ဒါးလက်အုပ်စုရှိ အလယ်ကျွန်း၊ ဒါးလက်ရွာဟောင်း၊ ရွာမ၊ အလယ်ရွာ၊ ညောင်ပင်ကွင်း စသည့်ကျေးရွာ ၁၀ ကျော်နှင့် ကဇုကိုင်းအုပ်စုရှိ သဲကမ်းထောင်း၊ ဆင်ဦးဒိုက်၊ ရှောက်ခြုံ၊ သရက်ပင်ချောင်း၊ ဖရုံချောင်း ကျေးရွာမှ ဒေသခံများဖြစ်သည်။ 

အမ်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိသေးဘဲ စစ်ကောင်စီက လက်နက်ကြီးများ ပစ်ခတ်နေသဖြင့် ဒေသခံများမှာ အသက်အန္တရာယ် ထိခိုက်မည်ကို စိုးရိမ်နေကြသည်။ 

“လက်နက်ကြီးက တိုက်ပွဲဖြစ်တာမရှိဘဲ နေ့တိုင်းလိုလိုပစ်နေတာ။ ကျမတို့ရွာအနီးမှာလည်း မပေါက်သေးတဲ့ လက်နက်ကြီးတွေရှိတယ်” ဟု အလယ်ကျွန်းကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသတွင် တောင်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ဝေးလံခေါင်ဖျားသဖြင့် လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများတွင် အခက်အခဲရှိသည့် ဒေသဖြစ်သည်။ ဒါးလက်ချောင်းတွင် ရခိုင်လူမျိုး ၃၀ ရာခိုင်နှုန်းခန့်နှင့် ချင်းလူမျိုး ၇၀ ရာခိုင်နှုန်း နေထိုင်ကြောင်း သိရသည်။ 

နိုဝင်ဘာလ ၁၃ ရက်တွင် ဖြစ်ပွားလာသည့် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တတိယအကြိမ် တိုက်ပွဲကြောင့် ရခိုင်ပြည်အတွင်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၆ သောင်းနီးပါးရှိလာကြောင်း DMG က လတ်တလော ကောက်ယူထားသည့် စာရင်းအရ သိရသည်။ 

#D002 #DMG

ဗီဒီယိုများ