ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်တစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး

ကျောက်ဖြူမြို့နယ် စည်မော်၊ ကံချိုင်၊ ဇိုင်ချောင်း၊ သိုင်းချောင်း၊ အူချေ၊ ကုလားဘာ စသည့် ကျေးရွာများမှ ဒေသခံများမှာ မတ်လ (၁၄) ရက်က ရွာအနီးတိုက်ပွဲဖြစ်ပွားမှုကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြခြင်း ဖြစ်သည်။

By Admin 06 Apr 2024

ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်တစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး

DMG ၊ ဧပြီ ၆

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စည်မော်ကျေးရွာမှ စစ်ဘေးရှောင်တစ်ဦးကို ယနေ့ နံနက် ၇ နာရီအချိန်တွင် စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

အသက် (၃၂) နှစ်အရွယ် ဦးဝေတင်အောင်မှာ ယာယီစစ်ဘေးတိမ်းရှောင်နေသော နေရာမှ မိမိကျေးရွာ(စည်မော်)ရှိ နေအိမ်သို့ပြန်လာစဉ် အင်အား ၆၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာအတွင်းဝင်ရောက်ပြီး ဖမ်းဆီးသွားခြင်း ဖြစ်သည်။

စည်မော်ကျေးရွာသားတစ်ဦးက “ရွာကလူတွေက အခြားကျေးရွာတွေမှာ စစ်ရှောင်နေကြတာ။ ဒါပေမယ့် အိမ်မှာ လုပ်စရာရှိတဲ့လူတချို့က ခဏတဖြုတ် ကိုယ့်အိမ်ကို ပြန်တာမျိုးတွေရှိတယ်။ ဝေတင်အောင်လည်း အဲဒီလို ရွာကိုခဏသွားတဲ့အချိန်မှာ ဖမ်းဆီးခံခဲ့ရတာ” ဟု ပြောသည်။

ကျောက်ဖြူမြို့နယ် စည်မော်၊ ကံချိုင်၊ ဇိုင်ချောင်း၊ သိုင်းချောင်း၊ အူချေ၊ ကုလားဘာ စသည့် ကျေးရွာများမှ ဒေသခံများမှာ မတ်လ (၁၄) ရက်က ရွာအနီးတိုက်ပွဲဖြစ်ပွားမှုကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြခြင်း ဖြစ်သည်။ 

လက်ရှိတွင် ဦးဝေတင်အောင်ကို ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေတပ်ဌာနချုပ်တွင် ထိန်းသိမ်းထားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ 

ဦးဝေတင်အောင်မှာ ကြုံရာကျပန်းအလုပ်ဖြင့် မိသားစုစားဝတ်နေရေးကို ဖြေရှင်းပေးနေသူဖြစ်ပြီး စစ်ကောင်စီက မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည်ကို မသိရကြောင်း ဇနီးဖြစ်သူ ဒေါ်သန်းခင်ရွှေက ပြောသည်။

“ကျမတို့မှာ ကလေး ၅ ယောက်ရှိတယ်။ အခု မိသားစုစားဝတ်နေရေးအတွက် ဘယ်လို ရုန်းကန်ရမယ်ဆိုတာ မတွေးတတ်တော့ဘူး” ဟု ဒေါ်ခင်သန်းရွှေက ပြောသည်။

စည်မော်ကျေးရွာမှာ ဓညဝတီရေတပ်ဌာနချုပ်နှင့် တစ်မိုင်ခန့်သာကွာဝေးပြီး ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ယင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲအနည်းငယ် ဖြစ်ပွားခဲ့သည်။  

ရခိုင်ပြည်တွင် တိုက်ပွဲစဖြစ်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်အထိ လေးလကျော်အတွင်း အရပ်သား ၄၇၁ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း ရက္ခိုင့်တပ်တော်(AA)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) မှ ထုတ်ပြန်ထားသည်။

ဗီဒီယိုများ