စစ်တွေ အ.ထ.က (၁) ကို တက္ကသိုလ်ဟောင်းခြံဝင်းရှိ အဆောက်အအုံသစ်သို့ ပြောင်းရွေ့မည်

စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက် မေယုလမ်းမကြီးရှိ ကျောင်းဟောင်းမှာ ကျောင်းခြံဝင်းကျဉ်းပြီး လမ်းမကြီးနှင့်နီးကပ်နေ၍ ကျောင်းသား၊ ကျောင်းသူများအတွက် ယာဉ်အန္တရာယ်ရှိနေသည်။

By Admin 06 May 2023

စစ်တွေမြို့ အ.ထ.က (၁) ကျောင်းဆောင်သစ်ကို တွေ့ရစဉ်။
စစ်တွေမြို့ အ.ထ.က (၁) ကျောင်းဆောင်သစ်ကို တွေ့ရစဉ်။

DMG ၊ မေ ၆

အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (၁) စစ်တွေကို တက္ကသိုလ်ဟောင်းခြံဝင်းအတွင်း ဆောက်လုပ်ထားသည့် အဆောက်အအုံသစ် သုံးထပ်ဆောင်သို့ပြောင်းရွေ့ကာ ယခုနှစ်ကစပြီး ပညာသင်ကြားသွားမည်ဖြစ်သည်။

ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုမှာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်၍ စာသင်ခုံများနှင့် ကျောင်းပရိဘောဂများကို စတင်ပြောင်းရွေ့နေပြီဖြစ်ကြောင်း အ.ထ.က (၁) စစ်တွေ ကျောင်းအုပ်ဆရာကြီး ဦးမြင့်နိုင်က ပြောသည်။

“ကျောင်းဟောင်းမှာက ကျောင်းဧရိယာကျဉ်းတယ်။ ကလေးတွေအတွက် နားနေဖို့နေရာ သပ်သပ်မရှိဘူး။ အခုကျောင်းသစ်မှာက ကျောင်းခြံဧရိယာလည်း ကျယ်တယ်။ အားကစားကွင်းတွေလည်း ပါတဲ့အတွက် ဘက်စုံအဆင်ပြေမယ်” ဟု ဦးမြင့်နိုင်က ပြောသည်။

ကျောင်းဆောင်သစ်တွင် Grade 6 တန်းမှ Grade 12 တန်းအထိ ပညာသင်ကြားသွားမည်ဖြစ်ပြီး ကျောင်းသားဦးရေ ဆံ့၊ မဆံ့ကို စောင့်ကြည်ကာ ကျောင်းသားသစ်များကို လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက် မေယုလမ်းမကြီးရှိ ကျောင်းဟောင်းမှာ ကျောင်းခြံဝင်းကျဉ်းပြီး လမ်းမကြီးနှင့်နီးကပ်နေ၍ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ရှိသည့်အတွက် ပြောင်းရွေ့ခဲ့ခြင်းဖြစ်သည်။

“ကျောင်းပြောင်းရတဲ့အတွက် ဝမ်းသာပါတယ်။ ဒါပေမယ့် နေအိမ်နဲ့ဝေးသွားတော့ ကလေးတွေကို ကျောင်းပို့၊ကျောင်းကြိုမယ့်အပိုင်းမှာ နည်းနည်းလောက်တော့ အခက်အခဲ ရှိသွားတယ်” ဟု ဘောလုံးကွင်းရပ်ကွက်မှ ကျောင်းသားမိဘ ဒေါ်ခိုင်သင်းအေးက ပြောသည်။

ကျောင်းကြီးလမ်းရပ်ကွက်ရှိ စစ်တွေတက္ကသိုလ်ဟောင်းကို အ.ထ.က (၁) စစ်တွေအဖြစ် ဖွင့်လှစ်သင်ကြားနိုင်ရန် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ငွေကြေးကုန်ကျခံပြုပြင်ပြီးမှ အန္တရာယ်ရှိအဆောက်အအုံအဖြစ် သတ်မှတ်လိုက်၍ စာသင်ဆောင်အဖြစ် အသုံးမပြုနိုင်ခဲ့ပေ။

ယခုတစ်ကြိမ်တွင်မူ တက္ကသိုလ်ဟောင်းခြံဝင်းအတွင်း အဆောက်အအုံသစ် ဆောက်လုပ်ကာ ပြောင်းရွေ့ရန် ပြင်ဆင်နေခြင်းလည်း ဖြစ်သည်။

အ.ထ.က (၁) ကျောင်းဆောင်သစ်မှာ အလျားပေ ၁၄၀ နှင့် အနံပေ ၃၀ ရှိပြီး စာသင်ခန်း ၁၂ ခန်း ပါဝင်ကာ ဘတ်ဂျက်ငွေ ကျပ်သန်း ၅,၈၀၀ အသုံးပြုထားကြောင်း သိရသည်။ နောက်ထပ်လည်း နှစ်ထပ်ကျောင်းဆောင်သစ် တစ်ခုနှင့် အားကစားကွင်းများပါ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းဆောင်ဟောင်းကိုမူ ပညာရေးဝန်ကြီးဌာနထံ အပ်နှံသွားမည်ဖြစ်ပြီး မည်သည့်ကဏ္ဍအတွက် အသုံးပြုသွားမည်ကို မသိရသေးကြောင်း ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က ပြောသည်။

“အဲဒီကျောင်းဆောင်(ဟောင်း)ကို ဘယ်လိုလုပ်သွားမလဲ ဆိုတာကိုတော့ အခုမသိရသေးဘူး။ နောက်ပိုင်း တဖြည်းဖြည်းလုပ်ဆောင်သွားမယ်။ ကျောင်းသား/သူတွေကို အသစ်ကို ပြောင်းလိုက်ပေမယ့် တချို့တစ်ဝက်က ကျန်ခဲ့မယ်လို့ ထင်တယ်။ အတိအကျကိုတော့ ကျောင်းဖွင့်မှပဲ ပြောလို့ရမယ်” ဟု ဦးဘထွီးစိန်က ပြောသည်။

စစ်တွေတက္ကသိုလ်ဟောင်းမှာ အင်္ဂလိပ်အုပ်ချုပ်စဉ်ကာလ ၁၈၄၆ ခုနှစ်ကဖွင့်လှစ်ခဲ့သော ပထမဆုံးအစိုးရအထက်တန်းကျောင်းဖြစ်ပြီး လွတ်လပ်ရေးရပြီးနောက်တွင် စစ်တွေကောလိပ်၊ ဒေသကောလိပ်၊ ဒီဂရီကောလိပ်၊ တက္ကသိုလ် အဖြစ် အဆင့်ဆင့်တိုးမြှင့် ဖွင့်လှစ်ခဲ့သည့် သမိုင်းဝင် အဆောက်အအုံဟောင်း ဖြစ်သည်။

#R010

ဗီဒီယိုများ