အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ အမ်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေ 

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အခြေစိုက်ရာ ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် စစ်ကောင်စီ ထောက်ပို့စခန်းငယ် တစ်ခုကို ရက္ခိုင့်တပ်တော်(AA)က မတ်လ ၂၇ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

By Admin 28 Mar 2024

AA တပ်ဖွဲ့ဝင်များကို ယခုနှစ်၊ မတ်လအစောပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ - AA info Desk
AA တပ်ဖွဲ့ဝင်များကို ယခုနှစ်၊ မတ်လအစောပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ - AA info Desk

အမ်းမြို့နယ်၊ ဂါယ်လောင်းကျေးရွာအနီးရှိ ခလရ(၃၇၂) တပ်ရင်းနှင့် တစ်မိုင်ခန့်အကွာတွင် တည်ရှိသည့်  စစ်ကောင်စီထောက်ပို့စခန်းကို AA က နှစ်ရက်ခန့်ကြာ ထိုးစစ်ဆင်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ 

“အဲဒီစခန်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာ နှစ်ရက်လောက်ရှိပြီ။ မနေ့က အဲဒီထောက်ပို့စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရတယ်။ အဲဒီနေရာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးလာကြဲတာရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

လက်ရှိတွင်လည်း ဂါယ်လောင်းကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီး/ငယ် ပစ်ခတ်သံများ ကြားနေရကြောင်း အမ်းမြို့မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“မနက်ကတည်းက လက်နက်ကြီး၊ လက်နက်ငယ်ပစ်သံတွေ ကြားနေရတယ်။ အခုလည်း ကြားနေရတုန်းပဲ။ တိုက်ပွဲကတော့ ပြင်းထန်နေတယ်လို့ သိရတယ်” ဟု သူက ဆိုသည်။

အမ်းမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းများကို AA က မတ်လ ၂၄ ရက်မှစကာ ထိုးစစ်ဆင်တိုက်ခိုက်နေ၍ တိုက်ပွဲ ပြင်းထန်နေခြင်း ဖြစ်သည်။ 

အမ်းမြို့နယ်တွင် စစ်ကောင်စီတပ်ရင်းများဖြစ်သည့် ခမရ ၃၇၁၊ ခမရ ၃၇၂၊ ခမရ ၃၇၃ နှင့် ဆောက်လုပ်ရေးအင်ဂျင်နီယာတပ် (G.E)၊ စစ်မြေပြင်အင်ဂျင်နီယာတပ်(B.E)၊ ဆေးတပ်နှင့် စစ်လက်နက်ပစ္စည်းတပ်ဖွဲ့များ ရှိကြောင်း သိရသည်။

ရခိုင်ဒေသအတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများကို တစ်ရက်မျှရပ်နားခြင်းမရှိဘဲ တစ်ခုပြီးတစ်ခု ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း AA က ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် စတင်သည့် ရခိုင်စစ်ပွဲလေးလကျော်အတွင်း ရက္ခိုင့်တပ်တော်က စစ်ကောင်စီစခန်းပေါင်းရာနှင့်ချီ သိမ်းပိုက်ရယူထားပြီး ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲနှင့် ပလက်ဝမြို့နယ် တို့ကို  သိမ်းပိုက်ထိန်းချုပ်ထားသည်။

ဗီဒီယိုများ