အငူမော်-မောင်တောကားလမ်း ပျက်စီးနေသဖြင့် သွားလာရခက်ခဲနေ

ကားလမ်းတစ်လျှောက်တွင် နေရာကွက်ကြားပျက်စီးနေပြီး ကိုင်းကြီးကျေးရွာနှင့် ဥဒေါင်းကျေးရွာအကြား ကားလိမ်းပိုင်းမှာ ဆိုးရွာစွာပျက်စီးနေကြောင်း ဒေသခံများက ပြောသည်။ 

By Admin 11 Aug 2023

မောင်တော- အငူမော်ကားလမ်း ကိုင်းကြီးကျေးရွာနှင့် ဥဒေါင်းကျေးရွာအကြား ပျက်စီးနေမှုကို ဩဂုတ်လ ၅ ရက်နေ့က တွေ့ရစဉ်။
မောင်တော- အငူမော်ကားလမ်း ကိုင်းကြီးကျေးရွာနှင့် ဥဒေါင်းကျေးရွာအကြား ပျက်စီးနေမှုကို ဩဂုတ်လ ၅ ရက်နေ့က တွေ့ရစဉ်။

DMG ၊ ဩဂုတ် ၁၁

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အငူမော် - မောင်တောကားလမ်း ပျက်စီးနေသဖြင့် ဒေသခံခရီးသွားများနှင့် ကုန်တင်ကားများ သွားလာရခက်ခဲနေကြောင်း သိရသည်။ 

ကားလမ်းတစ်လျှောက်တွင် နေရာကွက်ကြားပျက်စီးနေပြီး ကိုင်းကြီးကျေးရွာနှင့် ဥဒေါင်းကျေးရွာအကြား ကားလိမ်းပိုင်းမှာ ဆိုးရွာစွာပျက်စီးနေကြောင်း ဒေသခံများက ပြောသည်။ 

“ကျနော်က မောင်တောမြို့ကို ကုန်ပစ္စည်းတွေပို့ပြီးလို့ ပြန်လာတာ။ ကားတွေပိတ်နေလို့ စောင့်နေတာ ၁ နာရီ ကျော်သွားပြီ။ ထမင်းတောင်မစားရသေးဘူး။ ကျနော်တို့ကားသမားအချင်းချင်း ကားတွေကို ကူတွန်းပေးနေရတယ်” ဟု ကုန်ကားသမား ဦးသန်းနိုင်ဦးက ပြောသည်။

မောင်တော- အငူမော် ကားလမ်းတွင် နေ့စဉ် ကားအစီး‌ရေရာချီ ဖြတ်သန်းသွားနေကြပြီး မိုးရာသီရောက်တိုင်း လမ်းပျက်စီးနေသဖြင့် သက်ဆိုင်ရာက အမြန်ဆုံး ပြုပြင်ပေးစေချင်ကြောင်း မောင်တောမြို့ဒေသခံ ကားသမားတစ်ဦးက ပြောသည်။

“လမ်းက တချို့နေရာတွေမှာ လုံးဝ ပျက်စီးသွားတယ်။ ကျနော်တို့လည်း ခဏခဏ ကားပေါ်ကဆင်းရတယ်။ ပြန်ပြုပြင်ပြီးမှ ကားတွေက အသွားအလာအဆင်ပြေမှာ” ဟု မောင်တောမြို့ဒေသခံကားသမားတစ်ဦး ဦးကျော်နိုင်က ပြောသည်။

မောင်တောမြို့နှင့် ရသေ့တောင်မြို့နယ် အငူမော်ဆိပ်ကမ်းကို ဆက်သွယ်ထားသော အဆိုပါလမ်းပိုင်းသည် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးအတွက် အထူးအရေးပါပြီး ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောဒေသခံများ စစ်တွေသို့ ကူးသန်းသွားလာရေးတွင် အဓိက အရေးပါသည့် လမ်းဖြစ်သည်။ 

မောင်တော- အငူမော်ကားလမ်းသည် အရှည်မိုင် ၅၀ ခန့်ရှိပြီး အငူမော်ကျေးရွာကနေ ကိုးတန်ကောက် ကျေးရွာအထိ လမ်းပိုင်းကို Asia World Foundation က ၂၀၁၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ 

သို့သော်လည်း ကိုးတန်ကောက်ကနေ မောင်တောအထိ လမ်းပိုင်းတွင် နေရာကွက်ကြားပျက်စီးနေသဖြင့် အမြန်ဆုံးပြုပြင်ပေးရန် လိုအပ်ကြောင်း ဒေသခံများက ပြောသည်။ 

လမ်းပိုင်းပျက်စီးနေမှုကို ပြုပြင်ပေးမည့်ကိစ္စနှင့် ပတ်သက်ပြီး မောင်တောခရိုင် လမ်းတံတားဦးစီးဌာန တာဝန်ရှိသူထံသို့ DMG က ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း အဆင်မပြေသေးပေ။ 

#I011

ဗီဒီယိုများ