မုန်တိုင်းသင့်ရခိုင်တွင် မနက်ဖြန် အခြေခံပညာကျောင်းများ ဖွင့်လှစ်မည်၊ ကျောင်းအပ်နှံထားသူ ၃၂၉,၀၀၀ ကျော်ရှိ

ဇွန်လ ၁ ရက်နေ့တွင် ကျောင်းဖွင့်လှစ်ရန် ညွှန်ကြားထားသော်လည်း  မုန်တိုင်းဘေးသင့် ကျေးလက်ဒေသ အများစုတွင် ပျက်စီးသွားသည့် စာသင်ကျောင်းဆောင်များကို ပြန်လည်ပြုပြင်နိုင်ခြင်း မရှိ‌သေးသဖြင့် စာသင်ကြားရန် အခက်အခဲရှိနေကြသည်။

By Admin 31 May 2023

မုန်တိုင်းကြောင့် ကျောင်းဆောင်ပျက်စီးသွားသည့် ရသေ့တောင်မြို့နယ်၊ ကံပြင်ကျေးရွာတွင် ကျောင်းအပ်လက်ခံနေသည့် မြင်ကွင်း။ ဓာတ်ပုံ - ပေးပို့
မုန်တိုင်းကြောင့် ကျောင်းဆောင်ပျက်စီးသွားသည့် ရသေ့တောင်မြို့နယ်၊ ကံပြင်ကျေးရွာတွင် ကျောင်းအပ်လက်ခံနေသည့် မြင်ကွင်း။ ဓာတ်ပုံ - ပေးပို့

DMG ၊ မေ ၃၁

မုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်အတွင်းက မြို့နယ်များတွင် အခြေခံပညာစာသင်ကျောင်းများ ပျက်စီးသွားသော်လည်း ပုံမှန်ကျောင်းဖွင့်ချိန် ဇွန်လ ၁ ရက်နေ့တွင် စာသင်ကျောင်းများ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းသား/သူ ၃၂၉,၀၀၀ ကျော် ကျောင်းအပ်နှံထားကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ရခိုင်ပြည်ရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများတွင် မေလ ၃၀ ရက်နေ့အထိ ကျောင်းအပ်နှံထားသည့်‌ ကျောင်းသား/သူ ၃၂၉,၁၂၉ ဦးရှိကြောင်း ယနေ့ထုတ် စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။

ဇွန်လ ၁ ရက်နေ့တွင် ကျောင်းဖွင့်လှစ်ရန် ညွှန်ကြားထားသော်လည်း  မုန်တိုင်းဘေးသင့် ကျေးလက်ဒေသ အများစုတွင် ပျက်စီးသွားသည့် စာသင်ကျောင်းဆောင်များကို ပြန်လည်ပြုပြင်နိုင်ခြင်း မရှိ‌သေးသဖြင့် စာသင်ကြားရန် အခက်အခဲရှိနေကြသည်။

မုန်တိုင်းသင့်စာသင်ကျောင်းများကို ဖွင့်လှစ်နိုင်ရန် မြို့နယ်ပညာရေးမှူးရုံးမှ တာပေါ်လင်စများ ထုတ်ပေးနေသော်လည်း တာပေါ်လင်စများ မရရှိသဖြင့် ကျောင်းများကို မပြုပြင်ရသေးကြောင်း ရသေ့တောင်မြို့နယ် ချိန်ခါလီကျေးရွာမှ မူလွန်ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်လှက ပြောသည်။

“တာပေါ်လင်တွေက ရမှာလား၊ မရဘူးလားတော့ မသိသေးဘူး။ တခြားကျောင်းတွေကလည်း တာပေါ်လင်စတွေ ရဖို့အတွက် စာတင်ထားကြတယ်။ ကျမတို့ကျောင်းမှာ  ဒီနေ့ရောက်မယ်ဆိုရင်တောင် မနက်ဖြန်ကျောင်းတက်လို့ မရသေးဘူး။ အမိုးတွေပြုပြင်ဖို့အတွက် ရွာကလူတွေကို အကူအညီတောင်းရအုံးမယ်” ဟု ၎င်းက ပြောသည်။

တစ်နိုင်ငံလုံးရှိ အခြေခံပညာစာသင်ကျောင်းများကို ဇွန်လ ၁ ရက်နေ့တွင် ဖွင့်လှစ်သွားမည် ဖြစ်သော်လည်း ရခိုင်ပြည်ရှိ စာသင်ကျောင်းများတွင် ဇွန်လ ၁ ရက်နေ့ ဖွင့်လှစ်နိုင်သည့်ကျောင်းနှင့် ဇွန်လ တတိယအပတ်တွင် ဖွင့်လှစ်နိုင်မည့်ကျောင်း ဟူ၍ အုပ်စုနှစ်ခုခွဲထားကြောင်း စစ်ကောင်စီကပြောဆိုထားသည်။

ရခိုင်ပြည်တွင် အခြေခံပညာစာသင်ကျောင်း ၃,၁၉၃ ကျောင်းရှိပြီး မုန်တိုင်းကြောင့် ကျောင်းများနှင့် ကျောင်းအဆောက်အအုံများ ပျက်စီးခဲ့သည့်အထဲမှ  ကျောင်းများအားလုံး၏ ၇၅ ရာခိုင်နှုန်းခန့်ရှိသည့် ကျောင်းပေါင်း ၂,၄၁၀ ကျောင်းကို ဇွန်လ ၁ ရက်နေ့တွင် အချိန်မီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက မေလ ၂၇ ရက်နေ့တွင် ပြောထားခြင်းဖြစ်သည်။

ကျန်သည့်ကျောင်းများကိုလည်း ဇွန်လ တတိယအပတ်တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ရခိုင်ပြည်ရှိ စာသင်ကျောင်းများအားလုံးကို တတိယအပတ်တွင် ၁၀၀ ရာခိုင်နှုန်း ဖွင့်လှစ်ရန် စစ်ကောင်စီက ရည်ရွယ်ထားခြင်းဖြစ်သည်။

လက်ရှိတွင် မုန်တိုင်းကြောင့် ပျက်စီးသွားသည့် စာသင်ကျောင်းများကို ပြန်လည်ပြုပြင်နေသော်လည်း စာသင်ဆောင် လုံလောက်မှုမရှိသဖြင့် အသုတ်လိုက်ခွဲပြီး သင်ကြားရမည့်အနေအထားဟု စစ်တွေမြို့မှ အမည်မဖော်လိုသည့် ကျောင်းဆရာမတစ်ဦးက ပြောသည်။

“ကျောင်းတော့ ဇွန်လ တစ်ရက်နေ့ တက်ရမယ်။ ဒါပေမဲ့ ကျောင်းဆောင်တွေ အကုန်လုံးပျက်စီးသွားတော့ စာသင်ခန်းတွေက မလုံလောက်ဘူး။ ပြုပြင်နေတယ်ဆိုပေမယ့် အဆောင်အကုန်လုံးကို ပြုပြင်ဖို့ကျတော့ အချိန်မမီဘူး။ အဲတော့ မနက်ပိုင်း အလယ်တန်းကျောင်းသားတွေ တက်ရင် နေ့လယ်ပိုင်းမှာ အထက်တန်းကျောင်းသားတွေ တက်ရမယ်”  ဟု သူက ပြောသည်။

မုန်တိုင်းကြောင့် ပျက်စီးသွားသည့် စာသင်ကျောင်းများကို ပြန်လည်ပြုပြင်လျက်ရှိပြီး အများအပြားပျက်စီးသွားသည့် ကျောင်းဆောင်များတွင် ယာယီအဆောင်များဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ ဒု-ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းထွန်းသိန်းက DMG ကို ဖြေဆိုထားသည်။

မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ကျောင်းဆောင်များကို ပြန်လည်ပြုပြင်နေသော်လည်း စာသင်ကြားရာတွင် အခက်အခဲရှိမည်ကို ကျောင်းသားမိဘများက စိုးရိမ်နေကြသည်။

“ကျောင်းတော့အပ်ထားပြီးပါပြီ။ ဒါပေမယ့် ကျောင်းဆောင်တွေက ဆောက်လုပ်မပြီးသေးဘဲ ကျောင်းတက်ရမယ်ဆိုတော့  သမီးလေးကို စိုးရိမ်တယ်။ ဇွန်လ တစ်ရက်နေ့တော့ ကျောင်းမတက်ခိုင်းသေးဘူး။ ကျောင်းဆောင်ပျက်စီးသွားတာကို သေချာပြုပြင်ပြီးမှ ကျောင်းတက်ခိုင်းမှာပါ” ဟု စစ်တွေမြို့ မင်းဂံရပ်ကွက်မှ ကျောင်းသားမိဘ ဒေါ်မဌေးဌေးက ပြောသည်။  

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော ၊ ဘူးသီးတောင်၊ မောင်တော မြို့နယ်တို့တွင် အခြေခံပညာစာသင်ကျောင်း အများအပြား ပျက်စီးသွားခဲ့ရသည်။

ရခိုင်ပြည်တွင် အထက်တန်းအဆင့်စာသင်ကျောင်း ၄၈၇ ကျောင်း၊ အလယ်တန်းအဆင့် အ.လ.က၊ အ.လ.က(ခွဲ)၊ မူလွန်ကျောင်း စုစုပေါင်း ၁,၁၇၁ ကျောင်း၊ မူလတန်းအဆင့်စာသင်ကျောင်း ၁,၅၃၅ ကျောင်း - စုစုပေါင်း အခြေခံပညာစာသင်ကျောင်း ၃,၁၉၃ ကျောင်း ရှိသည်။

#I001

ဗီဒီယိုများ