မုန်တိုင်းသင့် အငူမော်ဆိပ်ခံတံတားကို အမြန်ဆုံးပြုပြင်ပေးဖို့ လိုအပ်နေ

အငူမော်ဆိပ်ခံတံတားမှာ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေ မြို့နယ်တို့မှ ဒေသခံများ အဓိက အသုံးပြုသွားလာနေသည့် ဆိပ်ခံတံတားတစ်ခုဖြစ်သည်။

By Admin 22 Jul 2023

အငူမော်ဆိပ်ခံတံတားကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် တွေ့ရစဉ်။ ဓာတ်ပုံ - Mg Thar Phru (Facebook)
အငူမော်ဆိပ်ခံတံတားကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် တွေ့ရစဉ်။ ဓာတ်ပုံ - Mg Thar Phru (Facebook)

DMG ၊ ဇူလိုင် ၂၂

ရခိုင်ပြည်အတွင်းရှိ မြို့နယ် ၄ ခုမှ ဒေသခံများ အသုံးပြုသွားလာနေကြသည့် ရသေ့တောင်မြို့နယ်၊ မေယုကမ်းရှိ မုန်တိုင်းဒဏ်သင့် အငူမော်ဆိပ်ခံတံတားကို ယခုအချိန်ထိ ပြန်လည်ပြုပြင်ပေးခြင်း မရှိသေး၍ အခက်အခဲဖြစ်နေကြောင်း ဒေသခံများက ပြောကြသည်။

အငူမော်ဆိပ်ခံတံတားမှာ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေ မြို့နယ်တို့မှ ဒေသခံများ အဓိက အသုံးပြုသွားလာနေသည့် ဆိပ်ခံတံတားတစ်ခုဖြစ်သည်။

မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ဆိပ်ခံတံတားကို မပြုပြင်နိုင်သေး၍ သွားလာရေးနှင့် ကုန်တင်ကုန်ချ လုပ်ကိုင်ရာတွင် အခက်အခဲဖြစ်နေရသဖြင့် အမြန်ဆုံး ပြန်လည်ပြုပြင်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

“အခုလို ဆိပ်ခံတံတားပျက်စီးနေတော့ ကိုယ်ဝန်ဆောင်တွေ၊ ကလေးတွေ၊ သက်ကြီးတွေနဲ့ ကုန်တင်ကုန်ချလုပ်နေတဲ့ သူတွေအတွက် တော်တော်လေးအန္တရာယ်ရှိတဲ့ အနေအထားမှာ ရှိနေတယ်။ ဒါကြောင့် အမြန်ဆုံး ပြုပြင်ပေးစေချင်တယ်” ဟု ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာမှ ကိုရန်မျိုးအောင်က ပြောသည်။

မောင်တောမြိုခံ ကိုကျော်ဆန်းကလည်း “တံတားက အားလုံးပေါက်နေတော့ တော်တော်လေးကို ကြောက်ဖို့ကောင်းတယ်။ နေပူနေတဲ့အချိန်က သိပ်ပြီး အန္တရာယ်မရှိပေမယ့် မိုးရွာနေရင် ကလေးတွေနဲ့ သွားလာရတာက တော်တော်လေးကို အန္တရာယ်ရှိတယ်” ဟု ပြောသည်။

မုန်တိုင်းကြောင့် ပျက်စီးသွားသည့် အငူမော်ဆိပ်ခံတံတား အရွယ်အစားမှာ အလျား ၄၅ ပေ၊ အနံ ၃၀.၅ ပေခန့်ရှိပြီး အဆိုပါတံတားကို ပြီးခဲ့သည့် ၂၀၀၅ ခုနှစ်က Bridge Asia Japan(BAJ)နှင့် WFP တို့ ပူးပေါင်းဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

အငူမော်ဆိပ်ခံတံတား ပျက်စီးမှုနှင့်ပတ်သက်၍ တံတားအား မူလတည်ဆောက်ခဲ့သည့် နိုင်ငံတကာအဖွဲ့အစည်းထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ပြုပြင်ပေးမည့် အစီအစဉ်ရှိကြောင်း ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်က ပြောသည်။

“သူတို့က ပြန်လည်ပြုပြင်မယ့် အစီအစဉ်တော့ ရှိတယ်။ ဒါပေမဲ့ သူတို့မှာလည်း Donor ပြုလုပ်ပေးထားတဲ့ နိုင်ငံတွေနဲ့ ဆက်သွယ်နေပြီး သူတို့ဖက်က သေချာသိရရင် ကျနော်တို့ဆီကို တင်ပေးမယ်လို့ ပြောထားတယ်။ သူတို့ဖက်က မလုပ်ပေးရင်တော့ အစိုးရအစီအစဉ်နဲ့ လုပ်ပေးဖို့ရှိတယ်။ မူလတည်ဆောက်သူတွေရဲ့ သဘောထားကို ဦးစားပေး မေးမြန်ထားတာဖြစ်တယ်” ဟု သူက ပြောသည်။

ဓာတ်ပုံ - Mg Thar Phru (Facebook)

နိုင်ငံတကာအဖွဲ့အစည်းက ဆောက်လုပ်ပေးထားခြင်းဖြစ်၍ အငူမော်ဆိပ်ခံတံတားမှာ စစ်ကောင်စီ၏ မုန်တိုင်းသင့် အပျက်အစီးစာရင်းတွင် မပါဝင်ခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

အငူမော်ဆိမ်ကမ်းတွင် ပြေးဆွဲနေကြသည့် မော်တော်ဘုတ်နှင့် ကားများ၏ ကူးတို့လိုင်စင်နှင့် ဆိမ်ကမ်းခွန်များကို ရသေ့တောင်မြို့နယ် စည်ပင်သာယာရေးကော်မတီက ကောက်ခံနေခြင်းဖြစ်သည်။

ပျက်စီးနေသည့် အငူမော်ဆိပ်ခံတံတားကို မုန်တိုင်းအလွန် နှစ်လကျော်ကြာအထိ မပြုပြင်ပေးခြင်းမှာ စစ်ကောင်စီထံတွင် တာဝန်ရှိကြောင်း မောင်တောမြို့နယ်မှ လူမှုရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။

“ဒီတံတားကို ဘယ်အဖွဲ့အစည်းက ပြည်သူ့အကျိုးပြုလုပ်ငန်းနဲ့ ဆောက်ခဲ့တာဖြစ်စေ အစိုးရနဲ့သက်ဆိုင်မှုရှိတယ်။ အစိုးရရဲ့ခွင့်ပြုချက်ရပြီးမှ အသုံးပြုလို့ရတာဖြစ်တယ်။ အဲဒီဆိပ်ကမ်းမှာ ဆိပ်ကပ်နေကြတဲ့ ဘုတ်တွေနဲ့ ကားတွေက အခွန်ဆောင်ရပြီး အဲဒီအခွန်တွေကို အစိုးရကသာ ယူထားတာဖြစ်တယ်” ဟု သူက ပြောသည်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်တွင် လူဦးရေ ၁၁ သိန်းကျော် ထိခိုက်နစ်နာခဲ့ပြီး အဆောက်အအုံပေါင်း နှစ်သောင်းလေးထောင်ကျော် ပျက်စီးခဲ့သည်ဟု ပြည်နယ် စစ်ကောင်စီက ထုတ်ပြန်ထားသည်။

#I006

ဗီဒီယိုများ