ဘူးသီးတောင်မှ စစ်ဘေးရှောင်များအတွက် ANP ပါတီမှ ဆန်အိတ်(၃၀) လှူဒါန်း

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသည့် ဘူးသီးတောင်မြို့နယ်မှ စစ်ဘေးရှောင်များအတွက် ရခိုင်အမျိုးသားပါတီ(ANP)မှ ဆန်အိတ် ၃၀ ကို လှူဒါန်းခဲ့ကြောင်း သိရသည်။

By Admin 20 Oct 2022

ဘူးသီးတောင်မှ စစ်ဘေးရှောင်များအတွက် ANP ပါတီမှ ဆန်အိတ်(၃၀) လှူဒါန်း

ရခိုင်ပြည်အတွင်းမှ စစ်ဘေးရှောင်စခန်းတစ်ခုကို တွေ့ရစဉ်။

DMG ၊ အောက်တိုဘာ ၂၀

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသည့် ဘူးသီးတောင်မြို့နယ်မှ စစ်ဘေးရှောင်များအတွက် ရခိုင်အမျိုးသားပါတီ(ANP)မှ ဆန်အိတ် ၃၀ ကို လှူဒါန်းခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့ရှိ ဆွေမျိုးနေအိမ်များတွင် ခိုလှုံနေကြသည့် ကင်းချောင်းကျေးရွာနှင့် သပိတ်တောင်ကျေးရွာတို့မှ စစ်ဘေးရှောင်များကို အောက်တိုဘာလ ၁၉ ရက်နေ့တွင် ANP ပါတီမှ သွားရောက်ကူညီခဲ့ခြင်းဖြစ်သည်ဟု ပါတီ ဘေးဒုက္ခကယ်ဆယ်ရေးကော်မတီ ခေါင်းဆောင် ဦးကိုချေကပြောသည်။

“စစ်ဘေးရှောင်စခန်းတွေ ဆိုတာထက် လောလောဆယ် ဒုက္ခရောက်နေတဲ့သူတွေကိုပေးဖို့ ဗဟိုရုံးကနေ ချပေးထားတဲ့ ဆန်တွေပါ။ သူတို့တွေက စစ်ရှောင်စခန်းတွေမှာမဟုတ်ဘဲ မြို့ပေါ်က ဆွေမျိုးအသိုင်းအဝိုင်းတွေ အိမ်မှာ ကပ်နေကြတာ။ အိမ်ထောင်စု ၉၀ ဝန်းကျင်စာအတွက် ကျနော်တို့ဖက်က နိုင်သလောက် ကူညီပေးဖြစ်တာပါ။ သိပ်အများကြီး မဟုတ်ပေမယ့် ဝေငှပြီးစားသုံးလို့ရအောင်လို့ပါ”ဟု ၄င်းကဆိုသည်။

ရခိုင်အမျိုးသားပါတီ(ANP) အနေဖြင့် ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးမှုများ လုပ်ဆောင်ပေးရန်ရည်ရွယ်ချက်ဖြင့် ဘေးဒုက္ခကယ်ဆယ်ရေးကော်မတီကို ပြီးခဲ့သည့်စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့သည်။

“ဘေးဒုက္ခကယ်ဆယ်ရေး ကော်မတီကို ဖွဲ့တာကလည်း သိပ်မကြာသေးတော့ ကူညီထောက်ပံ့ဖြစ်တာကလည်း ဒါပထမဆုံးခြေလှမ်းပဲ။ နောက်နောင်လည်း စစ်ဘေးရှောင်လူစာရင်းတွေ၊ အချက်အလက်ကောက်တာတွေ၊ ကူညီပေးတာတွေကို လိုအပ်ရင် လိုအပ်သလို တောက်လျှောက်လုပ်သွားဖို့တော့ ရည်မှန်းထားကြပါတယ်။ ကျနော်တို့ပါတီအနေနဲ့ ဒီကော်မတီကို စပြီးဖွဲ့တယ်ဆိုကတည်းကလည်း စစ်ဘေးဒုက္ခသည်တွေရဲ့ အခက်အခဲကို တတ်နိုင်သလောက် ကူညီဖြေရှင်းပေးဖို့ရည်ရွယ်ခဲ့တာပါ”ဟု ဦးကိုချေကပြောသည်။

လက်ရှိတွင် ကင်းချောင်းရွာနှင့် သပိတ်တောင်ကျေးရွာမှ ဒေသခံ(၃၆၂)ဦးမှာ ဘူးသီးတောင်မြို့ပေါ်ရှိ၊ ရပ်ကွက်(၃)၊ ရပ်ကွက်(၄)နှင့် ရပ်ကွက်(၆)တို့တွင် နေထိုင်လျှက်ရှိပြီး စားဝတ်နေရေး အခက်အခဲများ ရှိနေကြသည်။

“မနေ့က ANP ရုံးက ထောက်ပံ့လိုက်တာက လူတစ်ဦးကို တနေ့ဆန်နို့စည်ဗူး ၂ ဗူးနှုန်းနဲ့ နှစ်ပတ်စာစီ ပေးလိုက်ပါတယ်။ တခြားဘာမှတော့ မပါပါဘူး။ ကျနော်တို့က ဒီကိုပြေးလတုန်းက စားနပ်ရိက္ခာမပြောနဲ့ အဝတ်တောင် မပါလာဘူး။ ဒီရောက်တော့ စစ်ဘေးရှောင်စခန်းတွေမှာလည်း နေရပ်ကိုပြန်ခိုင်းနေပြီဆိုပြီး ပြောကြလို့ မသွားရဲဘဲ မိသားစုတွေဆီမှာကပ်နေတာပါ။ တစ်ခြား အလှူရှင်တွေလည်းမရှိတော့ အခက်အခဲက အများကြီးပါပဲ။ ရွာကိုသွားရင်လည်း လက်နက်ကြီးပစ်မှာကိုကြောက်လို့ မပြန်ရဲပါဘူး”ဟု ကင်းချောင်းကျေးရွာမှ စစ်ဘေးရှောင် ဦးအောင်စိုးသိန်းကပြောသည်။

အဆိုပါစစ်ဘေးရှောင်များမှာ ကျေးရွာအတွင်း စစ်ကြောင်းဝင်ရောက်နေထိုင်မှုများ၊ မြန်မာစစ်တပ်က လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ရွာ၌ဆက်မနေရဲတော့ဘဲ စက်တင်ဘာလ ၂၅ ရက်နေ့ကပင် ထွက်ပြေးတိမ်းရှောင်လာကြခြင်းဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့က မြန်မာစစ်တပ်သည် INGO/NGO များကို ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ မြောက်ဦး၊ မြေပုံနှင့် ရသေ့တောင်မြို့နယ်များသို့ သွားလာခွင့်ကန့်သတ်လိုက်သောကြောင့် ကူညီထောက်ပံ့မှု မပြုလုပ်နိုင်ကြတော့ပေ။ ထို့ကြောင့် စစ်ဘေးရှောင်များမှာ စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။

ရခိုင်နှင့် ပလက်ဝမြို့နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လမှစတင်ကာ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲကြောင့် အောက်တိုဘာလ ၁၁ ရက်နေ့အထိ စစ်ဘေးရှောင် ၁၆၀၀၀ ရှိလာခဲ့ပြီး ယခင် စစ်ဘေးရှောင်ဦးရေနှင့်ပေါင်းလျှင် ၉၀၀၀၀ ကျော်အထိ ရှိလာပြီဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)က အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဗီဒီယိုများ