ကျောက်ဖြူမှ စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ အပြည့်အဝ မလည်ပတ်နိုင်သေး

သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုချက်ဖြင့် Power China Resources Co.,Ltd မှ ရင်းနှီးမြှုပ်နှံ တည်ဆောက်ထားခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွင်း လည်ပတ်နိုင်ရန် လျာထားခဲ့ခြင်းဖြစ်သည်။

By Admin 27 Apr 2023

လတ်တလောမြင်တွေ့ရသော ကျောက်ဖြူသဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ အခြေအနေ။
လတ်တလောမြင်တွေ့ရသော ကျောက်ဖြူသဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ အခြေအနေ။

DMG ၊ ဧပြီ ၂၇

ကျောက်ဖြူမြို့နယ်၊ ကံကော်တောဘုရားအနီးတွင် တရုတ်ရင်းနှီးမြုပ်နှံမှုဖြင့် တည်ဆောက်ထားသည့် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ယခုနှစ်အစောပိုင်းမှစ၍ လည်ပတ်နေပြီဖြစ်သော်လည်း အပြည့်အဝမလည်ပတ်နိုင်သေးကြောင်း စောင့်ကြည့်လေ့လာသူများထံမှ သိရသည်။

အဆိုပါစက်ရုံကို ပုံစံနှစ်မျိုးနှင့် လည်ပတ်သွားမည်ဖြစ်သည်။ လက်ရှိမှာ သဘာဝဓာတ်ငွေ့စနစ်နှင့် လည်ပတ်နေသော်လည်း စွန့်ပစ်အပူသုံးစနစ်ဖြင့် မလည်ပတ်နိုင်သေးကြောင်း ကျောက်ဖြူမြို့နယ် လွတ်တော်အမတ်ဟောင်း ဦးဖိုးစံက ပြောသည်။

“ဘယ်လောက် မီဂါဝပ် ထုတ်လွှတ်နေတာကိုတော့ ကျနော်တို့ အတိအကျမသိဘူး။ ကျနော်တို့ကိုလည်း မပြောဘူး။ ထွက်ရှိတဲ့ဓာတ်ငွေ့တွေကို ပင်မလျှပ်စစ်ဓာတ်အားခွဲနေရာကို လွှတ်ပေးတယ်။ အဲဒီကနေ သက်ဆိုင်ရာ မြို့ရွာတွေကို လွှတ်ပေးတယ်လို့ သိရတယ်” ဟု ဦးဖိုးစံက ပြောသည်။

အဆိုပါ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုချက်ဖြင့် Power China Resources Co.,Ltd မှ ရင်းနှီးမြှုပ်နှံ တည်ဆောက်ထားခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွင်း လည်ပတ်နိုင်ရန် လျာထားခဲ့ခြင်းဖြစ်သည်။

စက်ရုံတည်ဆောက်ခြင်း အစီရင်ခံစာအရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် အပြည့်အဝ လည်ပတ်ရမည်ဖြစ်သော်လည်း လက်ရှိအချိန်ထိ မလည်ပတ်နိုင်သေးသည့်အတွက် အခြားစီမံကိန်းများအပေါ် ထိခိုက်မှုများရှိနေကြောင်း တရုတ်စီမံကိန်းအရေး လေ့လာစောင့်ကြည်သူ ဦးထွန်းလွင်က ပြောသည်။

“အစီရင်ခံစာအရဆိုရင် ကျောက်ဖြူခရိုင် လျှပ်စစ်လုံခြုံရေး ရရှိဖို့လည်းပါတယ်။ အခုက မလည်ပတ်နိုင်တော့ ကျောက်ဖြူခရိုင်ကို မပေးနိုင်သေးဘူး။ ဒီလို လျှပ်စစ်အလွန်အခက်အခဲရှိနေတဲ့ အနေထားမှာ စက်ရုံမလည်ပတ်နိုင်သေးဘူးဆိုရင် ကျောက်ဖြူခရိုင်လျှပ်စစ်ရရှိရေးကို ထိခိုက်သလို တဖက်မှာလည်း ကျနော်တို့ဆီကို အဓိက မျှော်ကိုးနေတဲ့ နိုင်ငံရဲ့လျှပ်စစ်ဓာတ်အားရရှိရေးကို ထိခိုက်ပါတယ်” ဟု ဦးထွန်းလွင်က ပြောသည်။

စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံမှ နိုင်ငံ‌တော်နှင့် ပြည်သူများ၏ ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် တစ်ရက်လျှင် ရွှေသဘာဝဓာတ်ငွေ့ ကုဗပေ ၂၂ သန်း အသုံးပြု၍ ၁၃၅ မဂ္ဂါဝပ်စွမ်းအား၊ တစ်နှစ်လျှင် ဓာတ်အားကီလိုဝပ် နာရီသန်းပေါင်း ၁,၀၀၀ ခန့် ထုတ်လုပ်သွားမည်ဖြစ်သည်။

စက်ရုံလည်ပတ်ပါကလည်း ရခိုင်ပြည်အတွင်းရှိ ပြည်သူများ၏ နေအိမ်များ၊ စီးပွားရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများနှင့် ဓာတ်အားစနစ်အား ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြီးခဲ့သည့်နှစ် အောက်တိုဘာအတွင်း စက်ရုံစမ်းသပ်လည်ပတ်စဉ် ပြောဆိုခဲ့သည်။

“ဓာတ်ငွေ့တွေ ဘယ်လောက်ပဲထွက်ထွက် ကျနော်တို့ အပြည့်အဝ ခံစားခွင့်မရှိဘူး။ အခုဆိုရင်လည်း တစ်ရက်မှာ ၅ နာရီလောက် မီးရတယ်၊ ၆ နာရီလောက် ပျက်တယ်။ နောက်တစ်ခုက ကျနော်တို့ဘက်မှာ မီးမရသေးတဲ့ ကျေးရွာတွေလည်း အများကြီးရှိသေးတယ်။ သူတို့လည်း လျှပ်စစ်မီးရဖို့လိုပါတယ်” ဟု အမည်မဖော်လိုသည့် ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် ကျေးရွာပေါင်း (၃၇၄) ရွာရှိပြီး ယင်းအထဲမှ ကျေးရွာပေါင်း (၁၀၀) နီးပါးမှာ ယနေ့အချိန်ထိ လျှပ်စစ်မီးမရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၏ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်စာရင်းအရ ရခိုင်ပြည် (၁၇) မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁,၆၅၂ ရွာတွင် လျှပ်စစ်မီး ၂၄ နာရီ အချိန်ပြည့် မရရှိသေးပေ။

#R010

ဗီဒီယိုများ