ရွေးကောက်ပွဲကာလ အသွားအလာဆင်ခြင်ကြရန် မလေးရောက်ရခိုင်များကို ARRC အသိပေး

မလေးရှားနိုင်ငံတွင် လာမည့် နိုဝင်ဘာ ၁၉ ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲကျင်းပမည်ဖြစ်သောကြောင့် ယင်းကာလအတွင်း ရခိုင်ပြည်သူများ အသွားအလာဆင်ခြင်ကြရန် ရက္ခိုင့်လူမူကယ်ဆယ်ရေးကော်မတီ (ARRC) ယနေ့(နိုဝင်ဘာ ၈ရက်)တွင် ထုတ်ပြန်လိုက်သည်။

By Admin 08 Nov 2022

ရွေးကောက်ပွဲကာလ အသွားအလာဆင်ခြင်ကြရန် မလေးရောက်ရခိုင်များကို ARRC အသိပေး

DMG ၊နိုဝင်ဘာ ၈

မလေးရှားနိုင်ငံတွင် လာမည့် နိုဝင်ဘာ ၁၉ ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲကျင်းပမည်ဖြစ်သောကြောင့် ယင်းကာလအတွင်း ရခိုင်ပြည်သူများ အသွားအလာဆင်ခြင်ကြရန် ရက္ခိုင့်လူမူကယ်ဆယ်ရေးကော်မတီ (ARRC) ယနေ့(နိုဝင်ဘာ ၈ရက်)တွင် ထုတ်ပြန်လိုက်သည်။

ရွေးကောက်ပွဲအတွက် အနိုင်ရလိုသောပါတီများသည် လူထုဟောပြောပွဲများ၊လူစုလူဝေးများပြုလုပ်ကာ အပြိုင် အဆိုင်မဲဆွယ်မှုများ စတင်နေပြီဖြစ်သည်။နိုင်ငံအများစုတွင် ရွေးကောက်ပွဲကာလသည် တစ်ဘက်နှင့်တစ်ဘက် ပါတီဝင်များအကြား အနည်းအများထိပ်တိုက်တွေ့ဆုံမှု၊အဖုအထိုက်များရှိတတ်သဖြင့် ထိုသို့ဆင်ခြင်ရန်ထုတ်ပြန် ရခြင်းဟု ARRC မှ တာဝန်ရှိသူများက ဆိုသည်။

“ရွေးကောက်ပွဲနဲ့ဆိုရင် အထောက်အထားမရှိတဲ့သူတွေကို အဖမ်းအဆီးတွေများမယ်။ လက်ရှိ မလေးရှား နိုင်ငံမှာ အစိုးရသစ်တက်မှာက ဘယ်သူတက်မယ်ဆိုတာမသိဘူး။ နောက်ပြီးတော့ မလေးရှားနိုင်ငံမှာ အထောက်အထားမရှိဘဲ ရခိုင်ပြည်သူတွေများတယ်။ ဆိုတော့ အဝေးတစ်နေရာကနေ အထောက်အထား ကဒ်လုပ်ဖို့ လာမယ်ဆိုရင်လည်း မလာကြဖို့ တိုက်တွန်းချင်ပါတယ်။ လမ်းမှာအဖမ်းခံရမှာကို စိုးရိမ်လို့ အခုလို ထုတ်ပြန်ရ တာဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

ရွေးကောက်ပွဲကာလတွင် ပုံမှန်အခြေအနေထက် အဖမ်းအဆီးများနိုင်ပြီး ဖမ်းဆီးခံရလျှင် အထောက်အထား တစ်စုံတစ်ရာ မရှိသူများအတွက် ဖြေရှင်းရလွန်စွာခက်ခဲလိမ့်မည်ဖြစ်သဖြင့် အသွားအလာဆင်ခြင်ကြရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ အာဏာပိုင်တွေမှာ အခုချိန်မှာ အာဏာအပြည့်အဝရှိတဲ့အတွက် အဖမ်းခံရရင် ထုတ်ချင်သလို ထုတ်လို့ရ တာမဟုတ်ဘူး။ တကယ်လို့ ကဒ်လုပ်မယ်ဆိုရင်လည်း ဓာတ်ပုံတွေကိုပို့ပေး၊ ငွေကျရင် ဘဏ်အကောင့်ထဲ ထည့်ပေးဆိုပြီးတော့ စာတိုက်ကနေ ပို့ပေးမယ်ဆိုပြီးတော့ ပြောထားတယ်။ အဲဒါကြောင့် ရုံးကိုလည်း မလာဖို့ ထပ်ပြီးတော့ တိုက်တွန်းချင်ပါတယ်”ဟု ၎င်းကဆိုသည်။

ARRC ရုံးကိုလည်း နိုဝင်ဘာ ၁၃ ရက်နေ့မှ နိုဝင်ဘာလ ၂၂ ရက်နေ့အထိ ပိတ်ထားမည်ဖြစ်ကြောင်းထုတ်ပြန်ထား သည်။အဆိုပါ အသင်းသည် မလေးရှားရောက် ရခိုင်လူမျိုးများ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးနေသည့် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။

ဗီဒီယိုများ