မြန်မာ့အရေး အာဆီယံအစည်းအဝေး ထုတ်ပြန်ချက်ကို စစ်ကောင်စီ မကျေနပ်

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ကျင်းပနေသော (၅၆) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ မြန်မာ့အရေး ကြေညာချက်ကို ကန့်ကွက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

By Admin 15 Jul 2023

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ဇူလိုင် ၁၁ ရက်နေ့ ဆွေးနွေးပွဲ။ ဓာတ်ပုံ - အာဆီယံဝက်ဘ်ဆိုဒ်
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ဇူလိုင် ၁၁ ရက်နေ့ ဆွေးနွေးပွဲ။ ဓာတ်ပုံ - အာဆီယံဝက်ဘ်ဆိုဒ်

DMG ၊ ဇူလိုင် ၁၅

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ကျင်းပနေသော (၅၆) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ မြန်မာ့အရေး ကြေညာချက်ကို ကန့်ကွက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

အာဆီယံဝန်ကြီးများ၏ ဇူလိုင် ၁၄ ရက် ထုတ်ပြန်ချက်တွင် မြန်မာပြည်တွင်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှု၊ အရပ်ဘက်အဆောက်အအုံများ ဖျက်ဆီးမှုတို့အပါအဝင် နိုင်ငံတွင်းဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကို ပြင်းပြင်းထန်ထန်ရှုတ်ချပြီး ချက်ချင်းရပ်တန့်ရန် ပါရှိသည်။

ယင်းအပြင် မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများကိုဆွေးနွေးမှုတွင် အာဆီယံဘုံသဘောတူညီချက် Five - Point Consensus (5PC) မှာ မိမိတို့၏ အဓိကရည်ညွှန်းချက်အဖြစ် ကျန်ရှိနေပြီး ယင်းကိစ္စကို မြန်မာဘက်က အကောင်အထည်မဖော်နိုင်သေးကြောင်း အာဆီယံဝန်ကြီးများ၏ မြန်မာ့အရေး ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါကြေညာချက်ထဲမှ အချို့အချက်များမှာ တစ်ဖက်သတ်ဆန်ပြီး မျှတမှုမရှိသည့်အတွက် စိတ်ပျက်မိကြောင်း စစ်ကောင်စီက ဆိုသည်။ ထို့အတူ အာဆီယံပဋိညာဉ်ပါမူများနှင့် မကိုက်ညီသည့်အတွက် ကန့်ကွက်ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၁၄ ရက်နေ့တွင် ထုတ်ပြန်လာသည်။

‘နိုင်ငံတစ်နိုင်ငံကို သီးခြားပစ်မှတ်ထားပြီး ပြည်တွင်းရေးကိစ္စအား ဝင်ရောက် မစွက်ဖက်ရေး’ ဆိုသည့် အာဆီယံပဋိညာဉ်ပါမူနှင့် ကိုက်ညီခြင်းမရှိသည့်အတွက် လက်မခံနိုင်ကြောင်း စစ်ကောင်စီက ပြောသည်။

စစ်ကောင်စီတပ်သည် မြေပြင်တိုက်ပွဲများတွင် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ခဲ့မှုကို ဝန်မခံလိုသည့်အတွက် အာဆီယံထုတ်ပြန်ချက်ကို ကန့်ကွက်ခြင်းဖြစ်ကြောင်း နိုင်ငံရေးသုံးသပ်သူများက ပြောသည်။

“စစ်ကောင်စီအနေနဲ့ တိုက်ပွဲဖြစ်ပြီဆိုလို့ရှိရင် ရပ်ရွာလူထုတွေကို ပစ်မှတ်ထားတယ်။ ရွာတွေကို မီးရှို့တာတွေလုပ်တယ်။ ရခိုင်မှာလည်း အဲဒီလို လုပ်ခဲ့တယ်။ ဒါပေမယ့် သူတို့လုပ်တယ်လို့ ဘယ်တုန်းကမှ ဝန်မခံဘူး။ အရပ်သားနေရာတွေကို တိုက်ခိုက်ခြင်းအားဖြင့် တော်လှန်ရေးသမားတွေ အားနည်သွားမယ်ဆိုတဲ့ အယူအဆမျိုးကတော့ မဖြစ်သင့်ဘူး။ သူတို့အာဏာတည်မြဲရေးနဲ့ သူတို့ပစ္စည်းဥစ္စာတွေကို ကာကွယ်နေတာ။ ပြည်သူကို အကာအကွယ်ပေးတာ မတွေ့ရဘူး။ ဒါကြောင့် အာဆီယံထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီးတော့ ကန့်ကွက်တယ်လို့ပဲမြင်တယ်” ဟု နိုင်ငံရေးသုံးသပ်သူ ဦးဖေသန်းက ပြောသည်။

မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဦးရဲထွန်းက အာဆီယံ ထုတ်ပြန်ချက်အပေါ် စစ်ကောင်စီက ကန့်ကွက်ခြင်းနှင့်ဆက်စပ်ပြီး မှတ်ချက်မပေးလိုသော်လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ မြန်မာ့အရေး ဖြေရှင်းကြိုးစားမှု တစ်စိတ်တစ်ပိုင်းကို အာဆီယံအနေဖြင့် အသိအမှတ်ပြုသင့်ကြောင်း ရှုမြင်သည်။

“အာဆီယံအသင်းကို ကျနော်တို့အနေနဲ့ မှတ်ချက်ပြုချင်တာက အလုပ်ဖြစ်နိုင်တဲ့ကိစ္စကို အသိအမှတ်ပြုပါ။ သူတို့အခုပြောပြောနေတဲ့ Five - Point Consensus (5PC) အကောင်အထည်ဖော်ရေးဆိုတာ ဒီကနေစရမှာလေ။ ဒါကြောင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုဖို့ အရေးကြီးတယ်ဆိုတာပဲ ပြောချင်ပါတယ်” ဟု ဦးရဲထွန်းက ပြောသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်ခင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ မြန်မာ့အရေးအဖြေရှာမှု ကြိုးပမ်းဆောင်ရွက်ချက်ကို အာဆီယံအနေအဖြင့် အသိအမှတ်ပြုပေးပြီး စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံမှုလုပ်ကာ အားလုံးတွေ့ဆုံရေး ဆိုသည့် အာဆီယံဘုံ သဘောတူညီချက် ၅ ရပ် Five- Point Consensus (5PC) မှာ ရုပ်လုံးပေါ်လာမည် ဖြစ်ကြောင်း ဦးရဲထွန်းက ပြောသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နိုင်ငံတဝန်းပေါ်ပေါက်လာကာ လက်နက်ကိုင်ပဋိပက္ခ ပိုမိုပြင်းထန်လာခဲ့ပြီး NCA လက်မှတ်ထိုးထားသည့် တပ်ဖွဲ့များနှင့်လည်း တိုက်ပွဲဖြစ်ပွားနေသည်။

လက်နက်ကိုင်ပဋိပက္ခများကြား စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ပြီး ရပ်ရွာများနှင့် စာသင်ကျောင်းများလည်း ဗုံးကြဲခံရမှုများရှိကြောင်း လူ့အခွင့်အရေးအဖွဲ့များ၏ အစီရင်ခံစာများတွင် ဖော်ပြကြသည်။

#I003

ဗီဒီယိုများ