အမ်းမြို့နယ်တွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရ 

တောဟိန်းတောင်ပေါ်ရှိ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ကိုမောင်အေးညွန့် (၃၀ နှစ်) ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်။ 

By Admin 06 Dec 2023

အမ်းမြို့နယ်တွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရ 

DMG ၊ ဒီဇင်ဘာ ၆

ရခိုင်ပြည်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းအုပ်စု၊ အလယ်ကျွန်းကျေးရွာမှ ဒေသခံတစ်ဦးမှာ ယနေ့ နံနက် ၉ နာရီခန့်က စစ်ကောင်စီ လက်နက်ကြီးကြောင့် ဒဏ်ရာရရှိသွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

တောဟိန်းတောင်ပေါ်ရှိ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ကိုမောင်အေးညွန့် (၃၀ နှစ်) ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်။ 

“ဒဏ်ရာက ဝမ်းဗိုက်၊ ဘယ်ဘက်လက်မောင်းနဲ့ ညာဘက်ဘေးစ ထိသွားတယ်။ ဝမ်းဗိုက်ဒဏ်ရာကတော့ တော်တော်ပြင်းတယ်” ဟု အလယ်ကျွန်းကျေးရွာသားတစ်ဦးက ပြောသည်။ 

အမ်းမြို့နယ်၊ ကဇုကိုင်းအုပ်စုရှိ တောဟိန်းတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီ၏ ခမရ ၃၇၁၊ ၃၇၂၊ ၃၇၃ တပ်ရင်းတို့မှ ယနေ့ နံနက် ၉ နာရီမှစပြီး မွန်းတည့်ချိန်ထိ လက်နက်ကြီးပစ်ခတ်မှု ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။  

စစ်ကောင်စီတပ်ရင်းများက နေ့စဉ်နှင့်အမျှ လက်နက်ကြီးပစ်ခတ်နေသဖြင့် ကဇုကိုင်းအုပ်စုရှိ ကျေးရွာ ၅ ရွာနှင့် ဒါးလက်ချောင်းအုပ်စုရှိ ကျေးရွာ ၁၀ ကျော်မှ ဒေသခံ ၆,၀၀၀ ကျော်မှာ လုံခြုံမည့်နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ 

ကျေးရွာအတွင်းကျန်ရှိခဲ့သည့် ဒေသခံများမှာလည်း လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက်အန္တရာယ်စိုးရိမ်၍ လုံခြုံမည့်နေရာတွင် ပုန်းအောင်းနေကြရကြောင်း သိရသည်။  

“လက်နက်ကြီးပစ်နေတော့ ရွာသွားတွေက တအားကြောက်နေကြတယ်။ အရင်ထွက်ပြေးနေသူတွေ ဆိုရင်လည်း ပြန်မလာသေးဘူး။ အခုရွာမှာကျန်နေသူကလည်း အကုန်လုံး ကြောက်လန့်နေကြတယ်” ဟု အလယ်ကျွန်းကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ 

အမ်းမြို့နယ်အတွင်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှု မရှိသေးသော်လည်း နှစ်ဖက်အဖွဲ့က စစ်ရေးအရလှုပ်ရှားမှုများ ရှိနေကြောင်း သိရသည်။ 

လက်ရှိမှာ ရခိုင်တိုက်ပွဲမှာ တဖြည်းဖြည်းပြင်းထန်လာနေပြီး စစ်ကောင်စီက လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်နေမှုကြောင့် အရပ်သားထိခိုက်သေဆုံးသူ ဦးရေ နေ့စဉ်တိုးလာနေသည်။ 

ဒီဇင်ဘာလ ၄ ရက်နေ့တွင်လည်း စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကြောင့် စစ်တွေမြို့နယ်၊ ချီလည်ပင်းကျေးရွာမှ ဒေသခံတစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။ 

#D011 #DMG 

ဗီဒီယိုများ