ရခိုင် စစ်ရေးပဋိပက္ခအတွင်း နေအိမ်မီးလောင်ဆုံးရှုံးသွားသူများအား စစ်ကောင်စီက တစ်စုံတရာ ဆောင်ရွက်ပေးခြင်း မရှိသေး

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲကာလအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု၊ မီးရှို့ခံရမှုတို့ကြောင့် နေအိမ်မီးလောင်ပျက်စီးဆုံးရှုံးသွားသူများနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က တစ်စုံတရာကူညီဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

By Admin 09 Dec 2022

ရခိုင် စစ်ရေးပဋိပက္ခအတွင်း နေအိမ်မီးလောင်ဆုံးရှုံးသွားသူများအား စစ်ကောင်စီက တစ်စုံတရာ ဆောင်ရွက်ပေးခြင်း မရှိသေး

ဆင်အင်းကြီးကျေးရွာမှ မီးရှို့ခံလိုက်ရသည့် နေအိမ်များ။ ဓာတ်ပုံ - ပေးပို့

DMG | ဒီဇင်ဘာ ၉

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲကာလအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု၊ မီးရှို့ခံရမှုတို့ကြောင့် နေအိမ်မီးလောင်ပျက်စီးဆုံးရှုံးသွားသူများနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က တစ်စုံတရာကူညီဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ကြား တကျော့ပြန် တိုက်ပွဲကာလအတွင်း သြဂုတ်လမှ နိုဝင်ဘာလအထိ လက်နက်ကြီးကျရောက်မှု၊ မီးရှို့ခံရမှုတို့ကြောင့် နေအိမ် ၂၃ ဆောင် ပျက်စီးဆုံးရှုံးသွားကြောင်း DMG မှ ကောက်ယူထားသည့် စာရင်းအရ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာအတွင်းသို့ စစ်ကောင် တပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီးနောက် နေအိမ် ၉ ဆောင် မီးလောင်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ဆင်အင်းကြီးကျေးရွာမှ မီးလောင်ပျက်စီးသွားသည့် နေအိမ်အရေအတွက်နှင့် ပစ္စည်းစာရင်းများကို ပြီးခဲ့သည့် နိုဝင်ဘာ ဒုတိယပတ်အတွင်းက ပုဏ္ဏားကျွန်းမြို့နယ် ထွေ/အုပ်မှတစ်ဆင့် သက်ဆိုင်ရာသို့ စာတင် ထားသော်လည်း လက်ရှိအချိန်အထိ တစ်စုံတစ်ရာ အကြောင်းမပြန်ခြင်းမရှိဟု ကျေးရွာသားများက ပြောသည်။

နေအိမ်မီးလောင်ဆုံးရှုံးသွာသူ ဆင်အင်းကြီးရွာသား ဦးဦးထွန်းတင်က “ လူမှုအဖွဲ့စည်းတွေကနေ မိသားစုတစ်စုကို ၅ သိန်းလောက် ကူညီပေးထားတာတော့ ရရှိထားတယ်။ အစိုးရအဖွဲ့ကတော့ လုံးဝမရသေးပါဘူး။ မီးလောင်သွားတဲ့အိမ်က မိသားစုတွေက ဆွေမျိုးအိမ်မှာ ကပ်နေကြတယ်။ ကျနော်တို့မိသားစုဆိုရင် ရွာကိုတောင် မသွားနိုင်သေးပါဘူး။ ပြန်သွားဖို့အတွက်လည်း အိမ်မှမရှိတော့တာ ” ဟု ပြောသည်။

အဆိုပါကျေးရွာ မီးရှို့ခံရမှုတွင် သွပ်မိုး၊ ပျဉ်စီ၊ အုတ်ထရံကာနေအိမ်များ၊ ဓနိမိုး၊ ကြမ်းခင်း၊ ဝါးထရံကာစသည့် နေအိမ်များနှင့် အသုံးအဆောင်ပစ္စည်းများ ပါဝင်သွားကာ လက်ရှိ ကာလပေါက်ဈေးအရ ငွေကျပ် သိန်းထောင်နှင့်ချီ ဆုံးရှုံးသွားကြောင်း ကာယကံရှင်များက ပြောဆိုသည်။

“ ကျနော်တို့ တစ်အိမ်တည်းတောင် သိန်းရှစ်ရာလောက် ရှိမယ်။ ကျနော်တို့မှာ ရေစုပ်စက်၊ အပ်ခြုပ်စက်၊ သစ်တစ်တန်ခွဲ၊ စပါးတင်း ၁၅၀၊ နေအိမ်ကလည်း သွပ်မိုး၊ ပျဉ်စီ၊ အုတ်နံရံကာ ရွာမှာ အိမ်အကြီးဆုံးထဲမှာ ပါပါတယ်။ နေအိမ်ပြန်ဆောက်မယ်ဆိုရင်တော့ ငွေကြေးလိုအပ်တယ်။ မီးထဲမှာ ပါသွားတော့ ဘာမှ မရှိတော့ဘူး ” ဟု ဆင်အင်းကြီးကျေးရွာသား နောက်ထပ်တစ်ဉီးဖြစ်သည့် ရပ်မိရပ်ဖ တစ်ဦးက ပြောသည်။

မီးရှို့ခံရမှုကြောင့် ပျက်စီးသွားသည့် ဆင်အင်းကြီးဒေသခံများမှာ လက်ရှိတွင် ပုဏ္ဏကျွန်းမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းနှင့် နီးစပ်ရာကျေးရွာရှိ ဆွေမျိုးနေအိမ်များတွင် နေထိုင်ရကြောင်း သိရသည်။

ယင်းအပြင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက်နေ့လည်း မောင်တောမြို့နယ် မြောက်ပိုင်း၊ ဝက်ကျိန်းကျေး ရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် ၇ လုံး မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

“ ဘယ်အဖွဲ့အစည်းမှလည်း ကူညီပေးတာ မရှိသေးဘူး။ အရပ်ဖက်အဖွဲ့အစည်းကလည်း မရောက်ဘူး။ အစိုးရဆီကလည်း မရောက်ဘူး။ ကိုယ့်ပိုက်ဆံနဲ့လည်း ပြန်မဆောက်နိုင်သေးကြဘူး။ သူတို့ (နေအိမ် မီးလောင် ပျက်စီးသူများ) မှာလည်း အခက်အခဲတွေ အများကြီး ရှိကြပါတယ် ” ဟု ဝက်ကျိန်းကျေးရွာက ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးသာယာက DMG ကို ပြောသည်။

မီးလောင်မှုကြောင့် နေအိမ်ပျက်စီးသွားသည့် ဝက်ကျိန်းကျေးရွာသားများမှာ လက်ရှိတွင် မီးလောင်သွားသည့် နေအိမ်အနီးတွင် ယာယီ တဲထိုးကာ နေထိုင်‌နေကြရကြောင်း သိရသည်။

၂၀၁၈ ခုနှစ်မှ ၂၀၂၀ နိုဝင်ဘာလအထိ ပထမအကြိမ် ၂ နှစ်တာ စစ်ပွဲ ပဋိပက္ခကြားတွင် ဒေသခံပြည်သူများ၏ ကျေးရွာ ၄၈ ရွာ မီးရှို့ခံခဲ့ရပြီး နေအိမ်ပေါင်း ၂၀၀၅ အိမ် မီးလောင်ပျက်စီးခဲ့ကြောင်း အရပ်ဖက်အဖွဲ့စည်းများ ထံမှသိရသည်။

ယင်းအချိန်က မီးလောင်သွားသည့် တချို့သောကျေးရွာများတွင် နေအိမ်များဆောက်လုပ်ပေးမှု၊ ငွေကြေးအချို့ထောက်ပံ့ပေးမှုများ ရှိခဲ့သည်။

သို့သော်လည်း ယခုအခါတွင် တစုံတရာ ထောက်ပံ့ခြင်းမရှိသည့်အတွက် ဆုံးရှုံးသွားသူများမှာ အကူအညီမဲ့နေပြီး အိုးအိမ် ပြန်လည်ထူထောင်ရန် အခက်အခဲများ ရှိနေကြသည်။

“ အခုလို ပစ္စည်းတွေ ဈေးတက်နေချိန်မှာ အိမ်တစ်လုံး ဆောက်ဖို့အတွက် ငွေ ၇ သိန်း၊ ၈ သိန်းနဲ့ မရဘူး။ ကျနော်တို့ အိမ်တစ်လုံးဆောက်ဖို့အတွက် ပစ္စည်းအ‌ေရာ၊ ငွေအ‌ေရာ နှစ်တွေ အများကြီး စုဆောင်းခဲ့ရတယ်။ အခုပြန်လည်ဆောက်ဖို့ဆိုတာ မလွယ်တော့ပါဘူး ” ဟု ဆင်အင်းကြီးကျေးရွာသား ဦးခိုင်ထွန်းစိန်က ပြောသည်။

ထိုသို့ မီးလောင်ပျက်စီးသွားသည့် နေအိမ်များနှင့်ပတ်သက်၍ ကူညီထောက်ပံ့ရေး အစီအစဉ်များနှင့် ပတ်သက်ပြီး ရခိုင်ပြည်စစ်ကောင်စီအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းနှင့် စစ်ကောင်စီ အဖွဲ့ဝင် ဦးသန်းထွန်းတို့အား DMG မှ ဆက်သွယ်ခဲ့သော်လည်း လက်တလောတွင် အဆက်အသွယ်မရရှိခဲ့ပေ။

ဗီဒီယိုများ