ရခိုင်တွင် ကွမ်းသီးစိမ်းအနုများ ဈေးကောင်းရ

တရုတ်၊ ထိုင်း၊ မလေးရှားစသည့် နိုင်ငံခြားများက ဝယ်ယူမှုများရှိနေသောကြောင့် ရခိုင်ပြည်မှ ကွမ်းသီးစိမ်းအနုများမှာ ဈေးကောင်းရရှိနေသည်ဟု ဒေသခံများထံက သိရသည်။

06 Jul 2022

မာန်အောင်မြို့နယ်အတွင်းတွင် ကွမ်းသီးစိမ်းအနုများ ရောင်းချရန် ပြင်ဆင်နေကြသူများကိုတွေ့ရစဉ်။ (ဓာတ်ပုံ-DMG)

DMG ၊ ဇူလိုင် ၆

တရုတ်၊ ထိုင်း၊ မလေးရှားစသည့် နိုင်ငံခြားများက ဝယ်ယူမှုများရှိနေသောကြောင့် ရခိုင်ပြည်မှ ကွမ်းသီးစိမ်းအနုများမှာ ဈေးကောင်းရရှိနေသည်ဟု ဒေသခံများထံက သိရသည်။

ကွမ်းသီးများကို ယခင်က အမှည့်ဖြစ်သည့်အချိန်တွင်မှ ခူးယူရောင်းချလေ့ရှိသော်လည်း ယခုအခါ နိုင်ငံခြားမှ ဝယ်ယူမှုရှိသောကြောင့် အစိမ်းများကိုလည်း ခူးယူးရောင်းချနေကြခြင်းဖြစ်သည်။ လက်ရှိတွင် ကွမ်းသီးအစိမ်း အလုံးတစ်ရာ ငွေကျပ် ၄၀၀၀ ကျပ် (တစ်လုံးလျှင် ငွေကျပ် ၄၀) အထိ ဈေးရရှိသည်ဟု မာန်အောင်မြို့နယ်မှ  ကွမ်းသီးခြံပိုင်ရှင် ဒေါ်သန်းသန်းက ပြောသည်။

‘အခုလက်ရှိ မာန်အောင်မှာ ကွမ်းသီး တစ်ရာကို ၄၀၀၀ ကျပ်ပေးဝယ်နေကြတယ်။ အခုအချိန်မှာ ဝယ်တယ် ဆိုတော့ အချိန်လည်း အကြာကြီးစောင့်စရာမလိုဘဲ အမှည့်ဈေး ထက်ပိုရနေတော့ အဆင်ပြေတာပေါ့” ဟု ၎င်းကဆိုသည်။

မာန်အောင်မြို့နယ်တွင် ယခင်က ကွမ်းသီးအမှည့် အလုံးရေ တစ်ရာကို ငွေကျပ် ၂၅၀၀ကျပ်သာ ရရှိပြီး ယခုအခါ ကွမ်းသီးအစိမ်းများကို ၄၀၀၀ ကျပ်အထိ ဈေးရရှိခြင်းမှာ ကွမ်းသီးခြံပိုင်ရှင်များအတွက်  ဝင်ငွေ တစ်ခုကောင်း မွန်လာသည်ဟုလည်း ဒေသခံများက ဆိုကြသည်။

လက်ရှိ တရုတ်အပါအဝင် နိုင်ငံခြားဖက်မှ ဝယ်ယူ ကြသည့် ကွမ်းသီးစိမ်းမှာ အလေးချိန် ဂရမ် ၂၀ နှင့် ၃၅ ဂရမ်အကြားရှိ ကွမ်းသီးများကိုသာ ဝယ်ယူပြီး အဝိုင်းပုံစံရှိသည့် ကွမ်းသီးများကို ဝယ်ယူခြင်း မရှိကြောင်း ဒေသခံများကပြောဆိုသည်။

ကွမ်းသီးစိမ်းဝယ်လိုအား အလွန် မြင့်တက်မှုရှိနေသော်လည်း ကွမ်းသီး အငယ်အား ခူးယူ ရောင်းချရ ခြင်းကြောင့် အပင်များ ပျက်စီးမည်ကိုလည်း စိုးရိမ်နေရကြောင်း နောက်ထပ်ကွမ်းသီးခြံပိုင်ရှင် ကိုသန်းမြင့်က ပြောဆိုသည်။

“ဝယ်တာက ဈေးကတော့ မဆိုးဘူး။ ရောင်းမယ်ဆိုတော့ ရောင်းနိုင်တယ်။ ဒါပေမဲ့ ကျနော်ကတော့ မရောင်း ရဲဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကွမ်းသီး အနုလေးတွေကို ကောက်ပြီး ရောင်းလိုက်ရင် အပင်တွေ အားပြတ်သွား မှာကို စိုးရိမ်ရတယ် "ဟုသူက ပြောသည်။

ယခုကဲ့သို့ ကွမ်းသီးစိမ်းများအား ဝယ်ယူခြင်း များပြားသည့်အတွက် ကွမ်းသီးမှည့်သည့် ရာသီရောက်လျှင် ကွမ်းသီးအမှည့်ဈေးနှုန်းများ မြင့်တက်လာနိုင်ခြေရှိသည်ဟု ဒေသခံများက ဆိုကြသည်။

လက်ရှိ ကွမ်းသီးစိမ်း ဝယ်ယူနေကြသည့် နိုင်ငံများမှာ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ စင်္ကာပူ နှင့် တရုတ်နိုင်ငံများမှ ဝယ်ယူလျှက် ရှိနေကြပြီး စားသောက်ကုန်အဖြစ် ပြန်လည်ထုတ်လုပ်ကာ ဖြန့်ဖြူးရောင်းချလျှက် ရှိနေ ကြောင်း သိရှိရသည်။

“တရုတ်မှာတော့ နေ့လယ်စာစားသောက်စရာအဖြစ်လုပ်တယ်။ ကျန်တဲ့ နိုင်ငံတွေမှာတော့ ဘာလုပ်လဲမသိဘူး။ ကွမ်းသီးဈေးကတော့ ရန်ကုန်ဈေးနှုန်း တစ်ပိဿာကို ငွေကျပ် ၅၀၀၀ ကျပ်ရှိပါတယ်” ဟု ကွမ်းသီးစိမ်းအနု ရောင်းဝယ်ကုမ္ပဏီတစ်ခုမှ စက်ရုံးမှူးက ပြောသည်။

ဗီဒီယိုများ